အမျိုးသမီးငယ်များ အတွက် အဓိကထား ရောင်းချသည့် ဖက်ရှင်ဆိုင်များရှိ အဝတ်အစား လဲခန်းများမှ ခိုးယူ ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များကို အွန်လိုင်းပေါ်တွင် ဆက်လက် ပျံ့နှံ့နေ

အမျိုးသမီးငယ်များ အတွက် အဓိကထား ရောင်းချသည့် ဖက်ရှင်ဆိုင်များရှိ
အဝတ်အစား လဲခန်းများမှ ခိုးယူ ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များကို
အွန်လိုင်းပေါ်တွင် ဆက်လက် ပျံ့နှံ့နေသော်လည်း တစ်စုံတစ်ရာ အရေးယူ
ဆောင်ရွက်ခြင်း  မရှိသဖြင့် အမျိုးသမီးများ၏ ကာယိအိနြေ္ဒကို
ခြိမ်းခြောက်လာလျက် ရှိကြောင်း သိရသည်။ အဆိုပါ ဖြစ်ရပ်များတွင်
အမျိုးသမီးများကို လက်ကိုင် ကင်မရာဖြင့် ခိုးဝှက် ရိုက်ကူး၍ ဈေးကွက်တွင်
တရားမဝင် ရောင်းချနေသည့် အခွေများက သက်သေပြနေကြောင်း လူငယ် အဆိုတော်
တစ်ဦးက ပြောသည်။ "ကျွန်တော်နဲ့ အရမ်းရင်းနှီးတဲ့ ညီမလေး တစ်ယောက်ရဲ့
ပုံတွေကို သူငယ်ချင်း တစ်ယောက်က တစ်ဆင့် မြင်လိုက်ရတယ်။ ကျွန်တော်
အံ့သြသွားတယ်။ သူ့ပုံတွေက လက်ကိုင်ဖုန်း ကင်မရာနဲ့ အဝတ်လဲခန်းက တစ်ဆင့်
ခိုးရိုက်ထားတာလေ။ အောက်ခံ အဝတ်အစားလောက်ပဲ ပါတယ်။ တစ်ထည်ပြီး တစ်ထည်
လဲနေတယ်။ လူပုံကိုတော့ တော်တော် ထင်ထင်ရှားရှား တွေ့ရတယ်။ သူအပါအဝင်
တခြား မြန်မာ မိန်းကလေးတွေ အများကြီးပဲ။ သူတို့ အားလုံးကို အဝတ်လဲခန်းမှာ
ခိုးရိုက်ထားတာတွေကို စုပြီး အခွေထုတ်ထားတာလေ" ဟု ပြောကြားခဲ့သည်။

ဈေးဝယ် စင်တာကြီးများတွင် အဝတ်အစား လဲလှယ်ခန်းများ ထားရှိသော်လည်း
လုံခြုံ စိတ်ချမှုကို အာမခံမှု မပေးနိုင်ကြောင်း အသက် (၁၉)နှစ်အရွယ်
မသဲသဲဦးက ပြောသည်။ ယင်းက "သမီးတို့ အင်္ကျီ ဝယ်မလို့။ အဝတ် ဝင်လဲတဲ့ အခန်းက
ကြောက်စရာ ကောင်းတယ်။ တကယ်လို့ ဗီဒီယို ကင်မရာတွေ၊ စီစီတီဗွီတွေ
တပ်ထားရင် မလွယ်ဘူး။ ဒီတော့ သမီး ဝင်ပြီး မလဲရဲပါဘူး။ ရယ်ဒီမိတ်ပဲ
ဝယ်ပြီး အိမ်ကျမှပဲ ဝတ်ကြည့်တော့တယ်" ဟု ဆိုသည်။ အမျိုးသမီး အဝတ်အစား
ရောင်းချသည့် ဆိုင်များတွင် ယင်းဖြစ်ရပ်များလည်း  ဖြစ်တတ်သည့်
အားလျော်စွာ ဈေးဆိုင်များ အနေဖြင့် ဈေးဝယ်သူများ အတွက်
အာမခံပေးနိုင်ရန် လိုအပ်ကြောင်း သိရသည်။ ယင်းဖြစ်ရပ်နှင့် သီမောင်တော်
ဖက်ရှင်ဆိုင်မှ ပိုင်ရှင်ဖြစ်သူ  မလှိုင်ထိုက်စုက "ကျွန်မတို့
ဖက်ရှင်ဆိုင်မှာတော့ အဝတ်လဲတာပဲ ဖြစ်ဖြစ်၊ တစ်ခါတည်း ဝတ်ကြည့်ပြီး
ကြိုက်လို့ ဝတ်သွားတာပဲ ဖြစ်ဖြစ် လုံးဝ အာမခံချက် အပြည့်အဝ ပေးပါတယ်။
ရောင်းတာကလဲ မိန်းကလေးတွေချည်းပဲ ဆိုတော့ ပိုယုံကြည် စိတ်ချလို့ရတယ်။
အဲဒီလို ကိစ္စမျိုးတွေက နှမချင်း မစာနာတဲ့ လူတွေကြောင့် ဖြစ်နေတာပါ။
သူတို့ မိုက်ရုင်းပြီး လုပ်တာ ဖြစ်နိုင်တယ်။ ကျွန်မတို့ ဖက်ရှင်ဆိုင်တွေ
အတွက်တော့ အဲဒီလို ကိစ္စမျိုးတွေ ရှိလာတယ် ကြားရတာ စိတ်ညစ်စရာပါ။ ဒါပေမဲ့
တချို့ဆိုင်တွေမှာတော့ စီစီတီဗွီတွေ တပ်ထားတာ ရှိတယ်။ အဝတ်လဲခန်းတော့
မပါဘူး ထင်ပါတယ်။ အဝတ်အစား လဲလှယ် ဝတ်ဆင်ချင်တဲ့ လူတွေ အနေနဲ့လဲ
ကိုယ့်အန္တရာယ်ကို ကိုယ်တိုင် သတိပြုရမှာပါ" ဟု ပြောသည်။

အမျိုးသမီးများ အတွက် ယင်းအပြုအမူများ ကြုံတွေ့လာလျှင် ဥပဒေအရ
တရားစွဲဆိုနိုင်ကြောင်း တရားရုံးချုပ် ရှေ့နေ တစ်ဦးက ဆိုသည်။
"မိန်းကလေးတွေကို မသိအောင် ဗီဒီယို ရိုက်မယ်၊ ဓာတ်ပုံ ရိုက်မယ်၊
နှောင့်ယှက်မယ်ဆိုရင် ပုဒ်မ ၅၀၀ နဲ့ တရားစွဲလို့ရတယ်။ အသရေဖျက်မှုပေါ့။
တရားရုံးကို ဦးတိုက် လျှောက်ရတယ်။ ပြီးမှ သမ္မန်စာ ဆင့်ခေါ်တာ။
ပြစ်မှုဆိုင်ရာ ဥပဒေပေါ့။ သူက ထောင်ဒဏ် အနေနဲ့ နှစ်နှစ်၊ ငွေဒဏ်ကတော့
အကန့်အသတ်မရှိ ချလို့ရတယ်။ နောက်ပြီး  ဗီဒီယို အက်ဥပဒေ ဆိုတာလည်း ရှိတယ်။
ရဲအရေးပိုင်တာပါ။ ရှာဖွေ ဖမ်းဆီးပြီး အရေးယူလို့ ရတယ်။ တခြား
အကျုံးဝင်တဲ့ ဥပဒေတွေလည်း ရှိပါတယ်" ဟု တရားရုံးချုပ် ရှေ့နေ တစ်ဦးက
ပြောသည်။ အမျိုးသမီးများ အတွက် ကာကွယ်သည့် ဥပဒေများကိုလည်း ယခုထက် ပို၍
တိုးမြှင့် ပြဋ္ဌာန်းသင့်ကြောင်း သိရသည်။ ယင်းနှင့် ပတ်သက်၍ "ဒီလို
ကိစ္စမျိုးတွေ အတွက် တင်မက အမျိုးသမီးထု တစ်ရပ်လုံး အတွက် အကာအကွယ်
ပေးနိုင်တဲ့ ဥပဒေတွေကို ချမှတ်ဖို့၊ အကောင်အထည် ဖော်ဖို့လိုတယ်။
ထိရောက်တဲ့ Mechanism ရှိရမယ်။ အခု အစိုးရသစ် လက်ထက်မှာ တင်ပြဖို့
လိုတယ်။ အမျိုးသမီးထု အတွက် ပြင်းပြင်းထန်ထန် ဟန့်တားလောက်တဲ့ ပြစ်ဒဏ်ကို
ပေးရမယ်။ ပြတ်သား ထိရောက်ပြီး အသေးစိတ်ကျတဲ့ ဥပဒေကို အစိုးရသစ်
အဖွဲ့အစည်းမှာ တင်ပြနိုင်ဖို့ လိုတယ်။ ကျွန်မတို့ အနေနဲ့လဲ အမျိုးသမီး
တစ်ရပ်လုံးကို ကာကွယ်ပေးနိုင်တဲ့ ဥပဒေတွေကို တင်ပြသွားနိုင်ဖို့
ကြိုးစားနေပါတယ်" ဟု အမျိုးသမီး အခွင့်အရေးများနှင့် ပတ်သက်၍ ဥပဒေ
ပညာရှင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ
ညိုညိုသင်းက ဆိုသည်။

 (Yangon Time ဂျာနယ်)

No comments: