Showing posts with label kothu. Show all posts
Showing posts with label kothu. Show all posts

ချစ်သူရည်းစား ၊ ဇနီးမောင်နှံများအတွက် အခြမ်းတစ်စုံ

ပုံပြင်လေးတစ်ပုဒ်ကို ပြောပြချင်တယ်။ ပုံပြင်လေးနာမည်က အခြမ်း တဲ့။ ကြားဖူးနားဝတော့ မဟုတ်ဘူး။ စာအုပ်လေး တစ်အုပ်ထဲမှာ ဖတ်ဘူးလိုက်တာ။ ဆရာနန္ဒသိန်းဇံရဲ့ စာအုပ်လားတော့ မသိတော့ဘူး။ ထားပါတော့လေ။ ပုံပြင်လေးက ဒီလို စတယ်။

ဟိုးရှေ့ရှေ့တုန်းကဆိုတော့ ကမ္ဘာဦးတုန်းက ဖြစ်မယ်ထင်တယ်။ လူသားတွေဟာ အစုံလိုက်ကလေးတဲ့။ ခေါင်းက နှစ်လုံး။ လက်က လေးချောင်း၊ ခြေထောက်ဆိုရင်လည်း လေးချောင်းရှိတယ်။ မျက်လုံးဆိုရင်လည်း လေးလုံးရှိတာပေါ့။ မျက်လုံးနဲ့ မြင်ယောင်လာအောင် ပြောရရင် လူနှစ်ယောက် မျက်နှာချင်းဆိုင် ကပ်နေတဲ့ ပုံလေးပေါ့နော့။

အဲဒီမှာ တစ်နေ့ နတ်တွေဟာ လူသားတွေကို အကြောင်းပြုပြီး အစည်းအဝေး ထိုင်ကြတယ်။ သူတို့က လူသားတွေကို ကြောက်နေကြတယ်။ အဲဒီမှာ နတ်မင်းကြီးက စကားတစ်ခွန်း ပြောတယ်။ ဘယ်လိုပြောလဲဆိုတော့ မောင်မင်းတို့ အခု ဒို့အောက်က လူသားတွေအကြောင်းကို ပြောကြရအောင်ကွာတဲ့။ ဒီလူသားတွေဟာ လျှောတွက်လို့ ရတဲ့ သတ္တ၀ါတွေ မဟုတ်ဘူးတဲ့။ တကုတ်ကုတ်နဲ့ ဘာတွေ လုပ်နေကြမှန်းကို မသိဘူး။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဒို့ နတ်ပြည်ကို လာသိမ်းသွားမှာကိုတောင် ထည့်တွက်နေရတယ်။ မသိမ်းဘူး မတိုကက်ခိုက်ဘူးလို့ ပြောလို့မရဘူးတဲ့. ဒါကြောင့် ဒီလူသားဆိုတဲ့ ကောင်တွေကို အခုကတည်းက တစ်ခုခု လုပ်ထားရရင် ကောင်းမယ်လို့ နတ်မင်းကြီးက စပြီး ပြောလိုက်တယ်။

အဲဒီတော့ နတ်တစ်ပါးက ဒီလိုပြောလိုက်တယ်။ ကျုပ်တို့အတွက် အန္တရယ်ရှိနိုင်တယ်ဆိုရင် အခုကတည်းက ဒီလူသားမျိုးနွယ်တွေကို အပြတ်ရှင်းပစ်လိုက်တာ ကောင်းတာပေါ့လို့ အကြံညာဏ်ပေးလိုက်တယ်။ အဲဒီတော့ နတမင်းကြီးက ဘာပြန်ပြောသလဲဆိုတော့ ဟာ... အဲဒီလိုတော့ လုပ်ပစ်လိုက်လို့ မရဘူးကွ။ ငါတို့ကို ခစားမယ့်လူတွေ မရှိဖြစ်သွာမှာပေါ့။ အခိုင်းအစေတွေ မရှိဖြစ်သွားမှာပေါ့။ မင်းညာဏ်နည်းလှချဉ်လားလို့ ခပ်ဟောက်ဟောက် ပြန်ပြောလိုက်တယ်ဆိုရင်ပဲ အဲဒီနတ်သားလေးက ခေါင်းပုသွားတယ်။ အဲဒီတော့ နည်းနည်း ညာဏ်ကောင်းမယ့် ပုံရှိတဲ့ နတ်သားတစ်ပါးက ထပြောတယ်။ ကျွန်တော်တို့ကို လူသားတွေက မတော်လှန်စေချင်တာ မဟုတ်လား။ အဲဒီတော့ လွယ်ပါတယ်။ ဒီလူသားတွေကို အင်အားမကြီးအောင် လုပ်ပစ်လိုက်ရုံပေါ့လို့ ပြန်ပြောလိုက်တယ်။

အဲဒီတော့ နတ်မင်းကြီး ပြန်မေးလိုက်တယ်။ လူသားတွေ အားနည်းသွားအောင် ဘယ်လို လုပ်ရမလဲလို့ ပြန်မေးလိုက်တယ်။ အဲဒီမှာ အစောန နတ်မင်းက ခေါင်းလေးမေ့လိုက်တယ်။ ငါကွဆိုတဲ့ ပုံလားတော့ မသိဘူး။ ပြီးမှ ပိုင်နိုင်တဲ့ လေသံနဲ့ လွယ်ပါတယ်နတ်မင်းကြီးရယ် လူသားတွေကိုအားနည်းးသွားစေချင်တယ်ဆိုရင် လူသားတွေကို တစ်ခြမ်းခွဲပြီး စကြာဝဠာကြီးရဲ့ ဟိုဘက်ဒီဘက်ကို တစ်ဘက်တစ်ခြမ်း လွင့်ပစ်လိုက်ပေါ့လို့ ပြန်ဖြေလိုက်တယ်။ သူ့ရဲ့ အကြံပေးတာကို ကျန်တဲ့ နတ်သားတွေကလည်း ထောက်ခံလိုက်ကြတယ်။

နတ်မင်းကြီလည်း သဘောကျသွားတယ်။ ပြီးတော့မှ နတ်မင်းကြိးက အဲဒီလို လုပ်ဖို့ အမိန့်ချလိုက်တယ်။ အဲဒီတော့မှ နတ်တွေက တန်ခိုးနဲ့ လူတွေကို တစ်ခြမ်းဆီ ခွဲထုပ်ပစ်လိုက်တယ်။ ပြီးတော့ စကြာဝဠာကြိးရဲ့ ဟိုဘက်ထိပ်မှာ တစ်ခြမ်း ဒီဘက်ထိပ်မှာ တစ်ခြမ်းလွင့်ပစ်လိုက်ကြတယ်။ အဲဒီနေ့က စပြီး လူသားတွေဟာ သူတို့ရဲ့ အခြမ်းလေးတွေကို လိုက်လိုက်ရှာနေကြတော့တာပေါ့။

ကိုယ့်အခြမ်းလေးကို ကိုယ်ပြန်လိုက်ရှာကြတဲ့နောက်ပိုင်းမှာ တစ်ချို့ကလည်း ကိုယ့်ရဲ့ စစ်မှန်တဲ့ အခြမ်းလေးကို ပြန်တွေ့ကြတယ်။ တစ်ချို့ကလည်း မတွေ့ကြဘူး။ တစ်ချို့ကလည် ကိုယ့်အခြမ်းမှတ်လို့ ၀မ်းသာနေတာ တကယ် အတူနေတာ ကြာလာမှ ကိုယ့်အခြမ်း မဟုတ်မှန်း သိလိုက်ပြိး ပြန်ကွဲသွားကြပြန်တယ်။

အဲဒီလိုပဲ လောကကြီးမှာ လူသားတွေဟာ သိတတ်တဲ့အရွယ်ကစပြီး ကိုယ့်ရဲ့အခြမ်းကို ပြန်လိုက်ရှာတဲ့ တာဝန်တစ်ခုကို မဖြစ်မနေ ထမ်းဆောင်နေကြရတာပေါ့။ ချစ်သူရှာတယ်၊ အိမ်ထောင်ဘက် ရှာတယ်ဆိုတာ ကိုယ့်အခြမ်းကို ကိုယ်ပြန်ရှာနေကြတာတဲ့။ တစ်ချို့ကလည် တစ်ခါတည်း တွေ့သွားကြတယ်။ အဲဒီတော့ ငယ်လင်ငယ်မယားပေါ့။ ငယ်ငယ်လေးကနေ အသက်ကြီးလို့ သေတဲ့နေ့အထိ တစ်ယောက်ဆိုတစ်ယောက် နဲ့ ဘ၀ခရီးသွားဖြစ်ကြတယ်။

တစ်ချို့တွေကြတော့ ကိုယ့်ရဲ့ ကမ္ဘာဦးက အခြမ်းလေးကို နှစ်ယောက်မြောက်ကြမှ တွေ့ကြတယ်။ တစ်ချို့ကြတော့ သုံးယောက်မြောက်၊ တစ်ချို့ကြတော့ ၄-ယောက်၊ ငါးယောက်၊ ခြောက်ယောက်မြောက် အစရှိသည်နဲ့ ပြန်တွေ့ကြရတယ်။ ကျွန်တော့်ရဲ့ အကိုကြီးကတော့ ၆-ယောက်မြောက်ကြမှ သူ့ရဲ့ စစ်မှန်တဲ့ အခြမ်းလေးနဲ့ ပြန်တွေ့ပြီး အခုတော့ အေးအေးချမ်းချမ်း နေထိုင်နေလေရဲ့။ ကျွန်တော့ရဲ့ အဒေါ်ကြီး တစ်ယောက်ကတော့ ရှာရင်းရှာရင်း မတွေဖြစ်ပဲ မနှစ်ကပဲ အသက်(၆၀)မှာ ဆုံးသွားရှာတယ်။ ကျွန်တော်လည်း လိုက်ရှာနေတာ အခုဆို အသက် (၃၀)တောင် ကျော်နေပြီ။ အခုထိ မထူးခြားသေးပါဘူးဗျာ(ကြော်ငြာ)

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဆီမှာ လတ်တလောတွေ့နေရတဲ့ ကိုယ့်ရဲ့အခြမ်းလေးတွေကို ကောင်းကောင်း တန်ဖိုးထားကြစေချင်တယ်။ စစ်မှန်သည်ဖြစ်စေ၊ မှားနေသည်ဖြစ်စေပေါ့။ ဘာကြောင့်လည်းဆိုတော့ ကိုယ်က မှားနေတယ်ထင်ပြီး လမ်းခွဲလိုက်တာ ကိုယ့်အခြမ်းအစစ်အမှန်လေး ဖြစ်နေရင် ဒုက္ခနော်။ ဒါကြောင့် ကျွန်တော်က အားလုံးကို အခြမ်းလေးတွေနဲပ ပါတ်သက်ပြီး အဆင်ပြေရာပြေကြောင်း ယတြာလေးတွေ ညွန်ပြပေးချင်တာပါ။ အားလုံးအဆင်ပြေသွားကြရင် ဆရာနန်းညွန့်ဦး တစ်ယောက် သူ့ရဲ့ စစ်မှန်တဲ့ အခြမ်းလေးကို အမြန်ရှာတွေ့နိုင်ပါစေလို့ ဆုတောင်ပေးကြပါဗျာ.........

သက်ဆိုင်ရာ ချစ်သူနှစ်ဦး( သို့) ဖနီးမောင်နှံနှစ်ဦး၏ မွေးနံပန်းပင်များကို (နှစ်နံတွဲဆိုရင် ပိုကောင်းပါ၏) မိမိတို့၏ မွေးနံနှင့် ဘုမ္မိအရပ်ကို လွတ်သော အရပ်ဒေသရှိ ဘုရားဝင်း၊ ဓမ္မာရုံ၊ သီလရှင်ကျောင်း၊ ရိပ်သာ၊ အစရှိတဲ့နေရာလေးတွေမှာ သွားပြီး တစ်သက်တာ အေးချမ်းမြဲမြံ ရင်သန်ပြည့်စုံကြပါစေကြောင်း ဆုတောင်ရပါတယ်။

မတော်တဆ နှစ်ဦးနှစ်ဘက် စိတ်သဘောထားခြင် မတိုက်ဆိုင်လို့ သဘောထားကွဲလွဲမယ် အဆင်မပြေဘူး မျက်နှာခြင်းဆိုင်လို့ မရဘူးဆိုရင် နှစ်ဦးစလုံးရဲ့ ဓာတ်ပုံ တစ်ယောက်တစ်ပုံကို မျက်နှာချင်းဆိုင်ကပ်ကာ ဓာတ်ဗူးအသစ်တစ်ခုထဲမှာ ထည့်ပြီး မေတ္တာသုတ်ပရိတ်တော် ရွတ်ဖတ်ပေးခြင်းအားဖြင့် ကာယကံနှစ်ဦး၏ မေတ္တာဓာတ်များ ပေါင်းစည်းကာ ကောင်းမြတ်သော၊ မင်္ဂလာရှိသော အင်အားဓာတ်လှိုင်းများ ပြန့်နှံစိမ့်ဝင်နိုင်ပါစေကြောင်း ဆုတောင်းပေးရပါတယ်။

သဲအိုးတို့ သောက်ရေအိုးတို့ကို ( သဲအိုး-သောက်ရေအိုး ဆိုတာ သောကြာနျင့် တနင်္ဂနွေ၊ ဗေဒင်အလိုဆိုတော့ ဦးသာဓာတ်၊ အိမ်ထောင်မိတ်ဓာတ်ပါ) မွေးနံနှင့် ဘုမ္မိအရပ်ကို လွတ်သော အရပ်ဒေသရှိ ဘုရားဝင်း၊ ဓမ္မာရုံ၊ သီလရှင်ကျောင်း၊ ရိပ်သာ၊ အစရှိတဲ့နေရာလေးတွေမှာ သွားပြီး အိမ်ထောင်ရေး မေတ္တာရေးများ ကံကောင်းပါစေကြောင်း ဆုတောင်းရပါတယ်။

သပိတ်ခြေ (၃)ခုကို ရတနာသုံးပါးကို ရည်မှန်းကန်တော့ပြီး သံဃာတော် အရှင်မြတ်တို့အား လှူဒါန်းဆက်ကပ်ပြီး မိမိတို့၏ လက်ရှိပစ္စက ပြဿနာများ အေးချမ်းတည်ငြိမ်ပါစေကြောင်း ဆုတောင်းရပါမယ်။

မျက်မှန်ကို သံဃာတော် အရှင်မြတ်တို့အား လှူဒါန်းဆက်ကပ်၍ မိမိတို့၏ အယူမှား အထင်မှာ သံသယမှားများ ကင်းစင်လွင်ပျော်က်ပြီး အမြင်မှန်များ ပြန်လည်ရရှိပါစေကြောင်း ဆုတောင်းရပါမယ်။

နောက်ပြီး ကြွေပုဂံတစ်ချပ်ထဲမှာ နှစ်ဦးရဲ့ ဒာတ်ပံကို မှောက်ထည့် ပြီးရင် အဲဒီအပေါ်က ကွာစေ့ကို ပြည့်အောင် ထည့်ပြီး လှူဒါန်းဆက်ကပ်ပြီး ကွာဟနေသော စိတ်သဘောထားများ ၊ ပြန်လည်စေစပ်နိုင်ကြ၍ နှစ်ကိုယ်တစ်စိတ် ဖြစ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းကြ၇ပါမယ်။

နှစ်ဦးသား၏ အညွန့်နံပန်း (မိမိမွေးနံမှ စင်၍ရေတွက်သော နှစ်ခုမြောက်နံပန်း) များကို ဖန်ခွက် (ဂဗ္ဘေ-ခိုင်မြဲစေသောဓာတ်) ထထဲတွင် ထည့်ကာ မိမိအိမ်၏ အိမ်ဘုရားစင်တွင် လှူဒါန်းဆက်ကပ် ထား၍ မိမိတို့၏ အိမ်ထောင်ရး။ အချစ်ရေး သာယာ ခိုင်မြဲစေကြောင်း ဆုတောင်း၇ပါမယ်။

စာကလေးအသိုက်လေးတွေကို နှစ်ဦးအတူတကွ ပြုလုပ်ချိပ်စွဲ၍ ဘ၀ခရီး အတူတကွ ပြည့်ပြည့်စုံစုံ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်စေကြောင်း ဆုတောင်းရပါမယ်။

ကဲ .... တော်တော်လေးလည်း ဆုံလောက်ပါပြီနော် ။ အားလုံးကို အေးအေးချမ်းချမ်းလေးလည်း ဖြစ်စေချင်ပါတယ်။ ဒါကြောင့် ကျွန်တော် ပြောခဲဆိုခဲ့တာလေးတွေကို လိုက်လုပ်ကြည့်လိုက်ပါ။ ထူးခြားလာရင် ကျွန်တော်အတွက် ကျွန်တော်ပြောခဲ့သလို ဆုတောင်းပေးလိုက်ပေါ့ဗျာ....


Nann Nyunt Oo

**နတ်သမီးဖန်ဆင်းတဲ့ မှော်ဆရာလေးရဲ့ အလွမ်းဇာတ်လမ်း**


နိဒါန်း

လူဆိုတာ အတွေးရဲ့သားကောင်လို့ ဆိုခဲ့ကြတာ ကျွန်တော် ဖတ်ဖူးခဲ့တယ်။ ကျွန်တော်ကိုယ်တိုင်လည်း လက်ခံထား တယ်။ ကျွန်တော့်အလုပ်က မတွေးရင်ဖြစ်စေ..အတွေးမကောင်းရင်ဖြစ်စေ.အလုပ်မဖြစ်ဘူး။ တွေးအားကောင်းဖို့ကလည်း.. လေ့လာမှု အားကောင်းမှ ..ဖတ်၊မှတ်၊လေ့လာမှုကောင်းမှ ဖြစ်တာမဟုတ်လား။

လူ နှင့် တိရ စ္ဆာန်ကြားကကွာခြားမှုကလည်း အဲ့ဒါပဲလေ။ စကားတစ်ခွန်းပြောရင်တောင် အသုံးအနှုန်းက တော်တော် လိုအပ်တယ်လေ..။အပြောမတက်တော့ ဆဲသလိုဖြစ်တယ်ဆိုတာကြားဖူးကြမှာပဲလေ..။

တစ်ချို့အတွေ့အကြုံတွေက ကိုယ်တိုင်ခံစားဖို့မလိုဘူးလေ..။ အခုဖြစ်နေတာလည်း အဲ့ဒီလိုပါပဲဗျာ..။

ကျွန်တော်ပြောပြမယ်..။ အပြောမတက်လို့ ဆဲသလိုမဖြစ်အောင်တော့  ကျွန်တော်လည်း ကြိုးစားထားပါတယ်။

ကဲ..စပြောကြရအောင်..မိတ်ဆွေလည်း စဉ်းစားပေးပေါ့ဗျာ..။ ဖြစ်ပုံက ဒီလိုဗျ.။

အခန်း (၁)

          ကျွန်တော်ဒီနေ့စိတ်တွေညစ်နေတာဗျ….။  ဘာလုပ်ရရင်ကောင်းမလဲ…။  စဉ်းစားကြည့်တယ်..။  ဆေးသွား စိမ်ရင် ကောင်းမလား။ ဆေးသွားသောက်၇င် ကောင်းမလား..။ မကြိုက်ဘူး။ အင်း …။ ဟုတ်ပြီ.။ အခုလိုဖြစ်နေတာတွေ ငြိမ်းသွား အောင် ဗေဒင်သွားမေးမယ်..။ ကောင်းတယ်..။

          လျှောက်ကြည့်တယ်..။

          ဆရာမ-မြတ်ဆုကုဋေ

        လက္ခဏာ၊ဗေဒင်၊အကြားအမြင်

        အထူးဟောသည်။

 မြင်သမျှ..ကြားသမျှသာ တစ်ကယ်ဟောရင် ဒုက္ခပဲ..။မနက်ကအိပ်ယာနိုးတော့ လုံချည်က ခြေရင်းမှာ.. မဖြစ်ဘူး။ မဖြစ်ဘူး။ ထပ်ကြည့်ဦးမှ..။ ဟော..တွေ့ပြီ.။

          ဆြာ - ရန်နိုင်ကိုကို

        တဲ့ရော့၊ဗေဒ၊နက္ခတ်၊လက္ခဏာ

        ဧကံသဗျာကရကပညာရှင်

အင်း..ဧကံသဗျာကရကပညာရှင် ဆိုတော့ မေးသလောက်ပဲဖြေမယ်ဆိုတဲ့သဘောပဲ။ မဖြစ်သေးပါဘူး။ ကျွန်တော်က မမေးတက်ဘူးဗျ..။တစ်ကယ်မေးရင်လည်း ပေါက်က၇တွေမေးရင်..ဗေဒင်ဆရာပဲ စိတ်ညစ်မှာ.. ဆက်ကြည့်ဦးမှပဲ..။

          တွေ့ပြန်ပြီ..။ ဘာတဲ့..။

          ဆရာ..တားရော့

        သင့်ကံကြမ္မာကို ဖတ်နိုင်ရန် တားရော့ဖြင့်သာ ဟောသည်။

          မဆိုးဘူး။ တားရော့တော့ စိတ်ဝင်စားတယ်။ ၀င်မေးကြည့်ဦးမှပဲ..။ကျွန်တော် ဖြစ်နေတာကို သူဆိုရင် နားလည် နိုင်မယ်ထင်တယ်..။

           ဟောခန်းထဲရောက်တော့  ကျွန်တော်က..

          "ဆရာ တားရော့ ရှိပါသလား"

          ပိန်ပိန်ပါးပါးနှင့် လူတစ်ယောက် စာအုပ်ပုံကြားက ထွက်လာပါသည်။ ပြီးမှ..

          "ဟုတ်ကဲ့..ကျွန်တော်ပါ။ ဗေဒင်မေးမလို့လား။ထိုင်ပါ"

          ဆိုပြီး သူ့ရှေ့က ခုံလေးရှေ့မှာ နေရာပေးပါတယ်။ ကျွန်တော်လည်း ၀င်ထိုင်လိုက်ပြီး ..ပြောလိုက်မိပါတယ်။

          " သြော်..ဆရာက ၀ိမုတ္တိရသ စာအုပ်ကို ဖတ်နေတာလား။ "   (၀ိမုတ္တိရသ=လွတ်မြောက်ခြင်းအရသာ ရေးသူ-ဦးသော်ဇင် )

          သူဖတ်နေသော စာအုပ်ကို ကျွန်တော် မသိပါ။ ပါးစပ်မှ လွတ်ကနဲထွက်သွားခြင်းသာ ဖြစ်ပါသည်။ ထားခဲ့သော သူ့စာအုပ်ကို မမြင်ဘဲ ကျွန်တော်က ပြောလိုက်တော့ သူအံ့သြသွားပုံရပါသည်။ ထိုအချိန်တွင် သူ့ခါးကြားတွင်ညှပ် ထားသော ဖုန်းက အသံမည်လာပါသည်။

          "ဆရာ ကတော်ဆီက ဖုန်းထင်တယ်။ သတိရလို့ဆက်တာတော့ မဟုတ်လောက်ဘူး။ တစ်ခုခု ပူဆာမလို့ ထင်တယ်"

          ကျွန်တော့်ကို လှမ်းကြည့်ပြီး အပြင်ထွက်ပြီး ဖုန်းပြောနေပါသည်။ တအောင့်နေတော့ ပြန်ဝင်လာပါသည်။ ထိုင်ပြီး မှ ကျွန်တော့်ကို…

" ခင်ဗျားက ဗေဒင်မေးမလို့လာတာလား။ ကျွန်တော့်ဇနီးဆီကမှန်းဘယ်လိုသိတာလဲ။ ပြီးတော့ ပူဆာမယ်လို့ ရော ဘယ်လို သိနေတာလဲ။"

          " ကျွန်တော်မေးချင်တာလည်း အဲ့ဒါပဲဆရာ။ "

          ဟု ပြောလိုက်ပါသည်။ အဲ့ဒါနဲ့ ဆရာက

          "ခင်ဗျား ဇာတာကိုတွက်ဖို့ မွေးသက္ကရာဇ်ပြောပါ"

          "ကျွန်တော်က သိုက်ဖွား ၊ ၅ခုကြွင်း စနေသားပါ။အနောက်တိုင်းအလိုအရတော့ Gemini ရာသီခွင်မှာ

မွေးတာပါ။"

          သူက ချရေးနေပါသည်။ ဆရာဇာတာစစ်နေစဉ်မှာပဲ ကျွန်တော်က.

          "ကျွန်တော်က ရှေ့ဖြစ်နောက်ဖြစ်တွေ မသိချင်ပါဘူးဆရာ..။ ကျွန်တော့်မှာ ဖြစ်နေတဲ့ ထူးခြားဖြစ်စဉ်တစ်ခုကို ဘာကြောင့်ဖြစ်နေတာလဲ သိချင်လို့ပါ။ ပြီးတော့ အဆောင်တွေ..ယတြာတွေချေလိုက်ရင် ပျောက်သွားမလား သိချင်လို့ပါ။"

          ဆရာ တားရော့က နားမလည်သလို ကြည့်နေပါသည်။ ထိုအချိန်တွင်..

          "သြော်..ဆရာက ဗိုက်အောင့်နေတာလား။ သွားပါဆရာ..သွားပါ။ကျွန်တော်စောင့်နေပါ့မယ်။ရပါတယ်။ "

          ဆရာလည်း မျက်နှာကြီးရှုံ့မဲ့ပြီး နောက်ထဲသို့ ၀င်သွားပါသည်။ ပြန်ထွက်လာတော့ ကျွန်တော့်ကို အံ့သြတကြီး ပုံစံမျိုးနှင့် ပြောပါတော့သည်။

          "မင်း..မင်း..ဘာဖြစ်လို့ ငါ့စိတ်ထဲက ခံစားချက်တွေကို သိသိနေတာလဲ"

          ကျွန်တော်လည်း စိတ်မောသောအသံဖြင့် ….

          "ကျွန်တော် ဆရာ့ကို မေးချင်တာလည်း အဲ့ဒါပါပဲ ဆရာရယ်.."

          "ဘာ"

          "ဟုတ်ပါတယ်..ဆရာ။ ဘယ်လိုတွေ ဖြစ်နေလဲမသိပါဘူးဆရာရယ်။ကျွန်တော့်အနားက လူတွေရဲ့

 စိတ်ခံစားချက်ကိုအလိုအလျှောက် သိသိနေပြီး ကျွန်တော်ပါ ဖြစ်ဖြစ်နေတာ။အဲ့ဒါ ဘာကြောင့်

 ဖြစ်ရတာလဲ သိချင်လို့ပါ။"

ဆရာ တားရော့ က ကျွန်တော့်ကို မသင်္ကာသလို ကြည့်နေပါသည်။ ကျွန်တော်လဲ ပျာပျာသလဲ..

"မဟုတ်ဘူး ဆရာ..မဟုတ်ဘူး။ ဆရာ့ကို ပညာလာစမ်းတာမဟုတ်ပါဘူး။ ကျွန်တော် ရိုးရိုးသားသား သိချင်လို့

လာမေးတာပါ။ တစ်ကယ်ပါ။ ယုံပါဆရာ။"

ဆရာက ၀ုန်းကနဲ့ ထရပ်လိုက်ပါသည်။ကျွန်တော်လည်း မြန်မြန် ပြန်ငြင်းလိုက်ပါသည်။

"ကျွန်တော် အထက်ကလာတာလည်း မဟုတ်ပါဘူး။ ပညာသည်လည်း မဟုတ်ပါဘူး။"

ကျွန်တော် ထပ်သိလိုက်ပြန်ပါသည်။

"ဟာ..ဆရာ .။ မဟုတ်ပါဘူးဆရာရယ်..။ အဲ့ဒါ ပိုဆိုးတယ်။ လုံးဝ မဟုတ်ဘူး"

ဆရာ တားရော့မျက်နှာ ပြုံးလာပါသည်။ ကျွန်တော့်ကို ၀မ်းသာအားရကြည့်ပြီး …

"ဒါကတော့ ဟုတ်ပါတယ်..ဆရာရယ်..။ ကျွန်တော့်ကို ပညာတွေမြင့်တင်ပေးဖို့ရောက်လာတဲ့ ပုဂ္ဂိုလ်ထူးပါ။ ကြွပါ  ဆရာ..ဒီဘက်ကိုကြွပါ။ ကျွန်တော့်မှာလေ ဘုရားရှိခိုးတိုင်း ပဌာန်းဆက်ရှိတဲ့ ပညာသည်တွေက ပညာရပ်ထူး တွေ သင်ပေးဖို့ ဆုတောင်းနေတာပါ။ အခုမှပဲ ပြည့်တော့တယ်။"

ဟာ..သွားပြီ..မှားပြန်ပြီ။ ဘယ်လိုရှင်းပြရမှန်မသိတော့ဘူး။ ကွိုင်ဘဲဗျာ..။

"ကြွပါ ဆရာ..ဘုရားခန်းကို ကြွပါ။"

မဟုတ်ဘူး ဟု တွင်တွင်ငြင်းနေရင်း..ကျွန်တော်လည်း အပြင်သို့ ပြန်ပြေးထွက်ခဲ့ပါသည်။ ဆရာ တားရော့ ကတော့ ဖိနပ်တောင် မပါဘဲ အတင်းကြီးကို လိုက်ခေါ်နေပါသည်။

ကျွန်တော့်မှာလည်း ဒုက္ခပါပဲ..။ အဖော်တွေတောင် ဘယ်တော့လာမလဲ မသိပါဘူး။ သူကလာရင် အဖော်တွေ ပါတက်လွန်းလို့ လေ..။

ဟူး ကနဲ သက်ပြင်း ကိုသာ ချလိုက်မိပါသည်။ စိတ်ထဲမှလည်း ကယ်တော်မူပါ အရပ်ကတို့ ဟု အော်ချင်နေ ပါသည်။ ထိုသို့ထွက်လာရင်း လမ်းတွင် ကျွန်တော့်နောက်မှ လိုက်လာရင်း ပခုံးကို လှမ်းဆွဲလိုက်သော လူတစ်ဦးကို တွေ့လိုက် ရပါသည်။ လှည့်မကြည့်ဘဲ ပြောလိုက်ပါသည်။

"ကျော်စွာ..မနက်ကတည်းက ငါ့ကို ရှာနေတာမလား။"

ဟု ကျွန်တော် ပြောလိုက်မိပါသည်။ ကျော်စွာကတော့ အံ့သြနေဟန်ဖြင့် ..

"မင်း ဘယ်လို သိနေတာလဲ။"

"မင်း ချမ်းငြိမ်းနဲ့တွေ့ပြီးသွားပြီ မဟုတ်လား။"

"ဒီဘက်မှာ ရှိနိုင်တယ်လို့ မင်းကို ပြောလိုက်တယ်လေ.."

အဲ့ဒါတွေကြောင့် ကျွန်တော်စိတ်တွေ ညစ်ညစ်နေတာ..။ ပြောပြရင်လည်း ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။ ကျွန်တော့် ကိုယ် ကျွန်တော်တောင် ယုံတာ မဟုတ်ဘူး။ သူဘာလိုချင်လို့ လိုက်ရှာနေတာလဲ ဆိုတာ ကျွန်တော် သိပါတယ်။ ဒါကြောင့်

"ရော့ မင်းလိုချင်တဲ့ စာမူ။ ပြန်တော့"

          ကျွန်တော်ဘ၀ရဲ့ လူသားမဆန်မှုတွေကို ကျွန်တော် စတင် စိတ်ညစ်လာပါသည်။ ဒီပြနာတွေရဲ့ အစ ကတော့ နတ်သမီးကြောင့်ပါ..။ ဟုတ်ပါတယ်..။အပြင်မှာ တွေ့ဘူး မြင်ဘူးရန် မလွယ်တဲ့ နတ်သမီးကို တွေ့လိုက်ပြီး နောက်ပိုင်း အခုလို ထူးထူးဆန်းဆန်းတွေ ဖြစ်လာစေတော့တာပါပဲ..။


နတ်သမီး အယောင်ဆောင်ထားသော ထိပ်ထား နှင့် နတ်သမီး အယောင်ဆောင်ထားသော နတ်သမီး

အခန်း(၁)

လောကမှာ အထားအသို ကလည်း

အရေးကြီးတယ်..။

ကိုယ့်ကိုကိုယ် ဘယ်မှာထားသင့်သလဲ

ဆိုတာကိုလည်း စဉ်းစားထားရမယ်။

 

သိုးကျောင်းသားက ၀ံပုလွေ ကိုမွေးချင်လို့ မရနိုင်ဘူး…။ အပြစ်မဲ့ပြီး ချစ်စရာကောင်းတာ မှန်ပေမယ့် သိုးတွေ ကြားထဲမှာ ၀ံပုလွေရဲ့သားကို မထားသင့်ဘူး။

ကျနော် ဒီနေရာကို စရောက်တော့ ညနေဆည်းဆာလေးမှာပါပဲ..။ ညနေခင်းရဲ့ ရသကို ကျွန်တော်ကြိုက် တယ် ။ ခံစားရတဲ့ ရသဟာလည်း လွင်လွင်လေးနဲ့..ချိုလဲ့ပြေပြစ်တဲ့ လေပြည်ညင်းလေးကိုလည်း ခံစားသိရှိမိ တယ်။ နောက်ပြီး တစ်ကိုယ်စာ စိုယုံလေးရွာချထားတဲ့မိုးကလည်း ကျွန်တော်ရောက်တော့ တိတ်နေပြီ..။

မြို့တော်ကြီးရဲ့ မွတ်ကျပ်မှုတွေ..ဆူညံသံတွေ..ဖုန်မှုန့်တွေ..ကင်းဝေးတဲ့နေရာလေးပေါ့..။ စီးလာတဲ့ စက်ဘီး လေးကိုဒေါက်ထောက်ပြီး လမ်းဘေးအုတ်ခုံပေါ်မှာ ထိုင်လိုက်တယ်။ လှမ်းကြည့်လိုက်ရင်တော့ စိုက်ပျိုးလက်စ …. အစိမ်းရောင် စပါးခင်းတွေ..ဆက်ကျော်ကြည့်လိုက်ရင်..ဟိုးအဝေးက ညီညီညာညာ အဆင့်မြင့် အိမ်ယာကြီးတစ်ခု ..မှိုင်းပြပြသာ မြင်နေရတာပါ..။

အနည်းငယ်နောက်ကျနေတော့ ကောင်းကင်မှာ ပုဇွန်ဆီရောင်တောင်ပျောက်နေပြီး ညိုပျပျရောင် ပေါက် နေပြီ။ အညိုရောင်ကို ကျွန်တော်သဘောကျတယ်..။ ခရစ်ယာန်ဘာသာဝင်အယူအဆအရတောကမ္ဘာဦးနေ့ရဲ့ ပထမဆုံး ဆည်းဆာရောင် တဲ့..။

သိပ်တော့လည်း မသိချင်ပါဘူး။

မွန်းကျပ်ရှုတ်ထွေးတဲ့ မြို့ပြလူနေရပ်ကွက်ထဲကနေ ကျွန်တော်ဒီကို မကြာခဏလာလေ့ရှိတယ်..။ ရာသီဥတု ကလည်း အဆင်ပြေတယ်..အချိန်လည်းရတယ်ဆိုရင်..ဒီဘက်ကို တစ်ယောက်တည်းလာတယ်..။အဖော်တွေလည်း သိပ်မခေါ်ချင်ပါဘူး..။ ကျွန်တော့်ကို သာယာမှုပေးနိုင်သူတွေထဲမှာ သိပ်မပါတဲ့သူတွေပေါ့..။ထားလိုက်ပါ.. အဲ့ဒါတွေ..။

ပြောချင်တာက ကျွန်တော့်ဆီကိုမှ တည့်တည့်လာတဲ့ ပြနာတွေအကြောင်းပါ။

ကိုယ့်စိတ်နဲ့ကိုယ်သာယာနေတုန်း ကျွန်တော့်ဆီကို တည့်တည့်ပြေးလာတဲ့ ဘောလုံးတစ်လုံးကို ရိပ်ကနဲ မြင်လိုက်တော့ လှမ်းရှောင်လိုက်ပါတယ်။ မလွတ်တော့မှန်းသိသွားတော့ ပုတ်ထုတ်လိုက်ပါတယ်..။ ကျသွားတာက တစ်ဖက်က မြောင်းထဲကို…

ဘောကန်နေတဲ့လူကြီးတွေ ပြေးလာပြီ ကျွန်တော့်ကို ဘောလုံးပြန်ကောက်ခိုင်းတယ်..။ ကျွန်တော်က မကောက်ပေးနိုင်ကြောင်း ပြောတော့ သိပ်မကျေနပ်ကြဘူး။ တစ်ချို့ကလည်း ရန်စောင်ချင်နေတဲ့ ပုံစံတွေနဲ့..။ မင်းကြောင့်ကျသွားတာလို့လည်း ပြောတဲ့သူက ပြောကြတယ်..။

ကျွန်တော် အခုချိန်မှာတော့ စကားတွေ အများကြီးမပြောချင်လို့ စက်ဘီးကို ဒေါက်ပြန်ဖြုတ်ပြီး လှည်ထွက် လိုက်တယ်..။ တစ်ယောက်ကတော့ ကျွန်တော့်စက်ဘီးကို လှမ်းဆွဲထားတယ်..။ ကျွန်တော်လှည့်ကြည့်လိုက်တော့ သူတို့ထဲက တစ်ယောက်က တားချိန်နဲ့တိုက်ဆိုင်သွားပြီး စက်ဘီးကို လွတ်ပေးလိုက်တယ်။

ကောက်တဲ့သူကလည်းဘောလုံးကို ကောက်ပြီးသွားပါပြီ..။ ဘာကိုမကျေနပ်မှန်းမသိတဲ့သူတစ်ချို့ကတော့ ပါးစပ်ထဲမှာလျှာကို ဗျောက်အိုးလိုလုပ်ဖောက်ရင်း ကျန်ရစ်နေခဲ့ကြတယ်။ ကျွန်တော်ဘက်ကတော့ အေးအေး ဆေးဆေး ပါပဲ..။

တစ်ကယ်တော့ဘယ်ပစ္စည်းကို ဘယ်မှာထားရမလဲဆိုတာ ကျွန်တော်က သိပါတယ်။ လောကကြီးမှာ သူတို့ဟာ လူသားတစ်ယောက်ရဲ့ အထားအသိုဖွဲ့စည်းမှု အတက်ပညာကို မတက်သေးပါဘူး။ ဒါကြောင့်လည်း ကျွန်တော့်ကို ဒီလိုတွေ လာပြောနေတာပေါ့..။

 

အခန်း (၂)

          ဒီနေ့တော့ ၇ွာဆော်ရယ်..ဂဏန်းရယ် ကျွန်တော်နဲ့အတူပါလာပါတယ်။ကျွန်တော်ူးသမျှလိုက်ရူးကြမလို့ပါ။ သွားတာကတော့ အရင်နေ့ကနေရာကို မဟုတ်တော့ပါဘူး။ နောက်တစ်နေရာကိုပါ..။

          လမ်းမှာတင်ရှိနေတုန်း ဂဏန်းက ကျနော့်ကို မေးပါတယ်..။

          "ရန်နိုင်..မင်းဟို့နေ့က နေရာကိုသွားဦးမလား" တဲ့..။

          "လမ်းတစ်လမ်းကိုရောက်ဖို့က လမ်းတစ်လမ်းတည်းရှိတာမဟုတ်ဘူး ဂဏန်း။ လမ်းပေါင်းများစွာရှိတယ်.။ လျှောက်တက်ဖို့ပဲလိုတယ်။ နောက်ထပ်လမ်းတစ်လမ်း မရှိဘူးလို့ ထင်ရင်..လမ်းအသစ် ဖောက်နိုင်ရမယ်လေ"

          ဂဏန်းကတော့ နားလည်ပုံမရပါဘူး..။ ရွာဆော်ကတော့ ရယ်နေပါတယ်..။ ဂဏန်းကိုလည်း လျှာရှည် တဲ့ကောင် ခံလိုက်လို့လည်း ပြောလိုက်ပါတယ်..။

          ကျွန်တော်တွေးနေတာက အခုလို မှောင်ရီပျိုးနေတဲ့ ညနေခင်းတစ်ခုဟာ ခွဲခွာဖို့ကောင်းနေတဲ့ အချိန်ပေါ့။ ကောင်းကင်မှာ ငှက်ကလေးတွေကလည်း အိပ်တန်းပြန်ပြီ။ ပတ်ဝန်းကျင်ကလည်း လင်းတပို့ပို့ မှောင်တရီရီနဲ့ မပီ ၀ိုးတ၀ါးကြီး။ ဆည်းဆာရောင်ရဲ့ လွမ်းစရာကောင်းမှုကို ဘယ် Technicolor ကမှ မယှဉ်နိုင်ဘူး။

          ပြောလိုက်မိတယ် ထင်တယ်..။

          "အဲ့ဒီလိုအချိန်မျိုးမှာ ခွဲရတော့မယ့် ချစ်သူနှစ်ယောက် လမ်းကလေးတစ်လမ်းမှာ ခေါင်းငုံ့ပြီး လမ်းလျှောက် လာရတာ ဘယ်လောက်ကြေကွဲစရာ ကောင်းမလဲ"

          ကျွန်တော့ စကားဆုံးသွားတော့ အားလုံး တိတ်ဆိတ်နေတယ်..။ သူတို့ကကော ဘာကိုလွမ်းနေတာလဲ။ သူတို့ကော ဘယ်သူ့ကို  ခွဲခဲ့ရဖူးလဲ။

          မာယာတွေ ရစ်သိုင်းလွမ်းချုံထားတဲ့ လောကဓံတရားကြီးထဲမှာ ဘယ်လူသားမှ  ဒဏ်ရာမကင်းပါခဲ့ဘူး။ ကြောက်စရာကောင်းတဲ့ ခွဲခွာခြင်းတွေလည်း ရှိနေပါသေးတယ်။

          ကျွန်တော်တို့သွားနေတာက ဘူတာရုံတစ်ရုံ အောက်ကိုပါ။ စကားကို ဆက်ပြောလိုက်ပါသည်။

          "အခုလို ဘူတာရုံတစ်ရုံ ရဲ့ ညဘက်မှာပေါ့ကွာ ။ဒီလို အချိန်မျိုးပဲ ဆိုပါစို့ ။လူကလည်း အခုလို မစည်ကား ဘူးကွာ။ တစ်ယောက်စ နှစ်ယောက်စပဲရှိတယ်။ အဲ့ဒီလို ဘူတာရုံထဲမှာ ခွဲရတော့မယ့် ချစ်သူ နှစ်ဥိး ရှိနေတယ် ဆိုကြပါတော့"…။

          စကားကိုခဏနားလိုက်ပါသည်။ မောလာလို့ပါ..။ ပြောနေရင်းနဲ့ ကျွန်တော်မောနေပါသည်။ ပြီးမှ…

          "တစ်ယောက်က ပြန်ရတော့မယ်။ တစ်ယောက်က ကျန်နေရစ်ခဲ့မယ်။ ဘ၀မှာ ဘာဆက်ဖြစ်မလဲ ဆိုတာလည်း မသိရသေးဘူး။ မကြာသေးခင်ကမှ ရှိနေတဲ့ သူ့ အဖော်လေး ..အခုမရှိတော့ဘူး။ အပြန်လမ်းကို သူတစ်ယောက်တည်း ပြန်ရတော့မယ်။"

          ဆက်မပြောချင်တော့ပါ..။ သက်ပြင်းကြမ်းကြမ်းကိုသာ ချလိုက်မိပါသည်။ ရွာဆော်နှင့် ဂဏန်း နှစ်ယောက် စလုံး အတွေးကိုယ်စီ နှင့် ငြိမ်သက်သွားပါသည်။ သုံးယောက်စလုံး စကားသံတွေ တိတ်ဆိတ်သွားပါတော့သည်။ အားလုံးရဲ့ ရင်ထဲမှာ ဆွတ်ပျံစိတ်ကလေးနှင့် လွမ်းသွားကြပါသည်။

          ခရီးသည်တွေကတော့ တက်လိုက်ကြ..ဆင်းလိုက်ကြ နဲ့ပါ..။

          ခဏကြာတော့ ကျွန်တော့်တို့ ပြန်လာကြပါသည်။ ကျွန်တော့်ကအားနေရင် အဲ့ဒီလို ဘူတာရုံမှာလည်း သွားထိုင် တက်ပါတယ်..။ စိတ်ကူးတွေ အိုင်ဒီယာတွေနဲ့ အလုပ်လုပ်နေရတဲ့ ကျွန်တော်ရဲ့အကျင့်လို့ သတ်မှတ်ပြီး ဂဏန်းနဲ့ ရွာဆော်ကတော့ ဘာမှ မဝေဖန်ကြပါဘူး။

          ကျွန်တော်လည်း မကြာခဏ ဦးနှောက်တွေ မောင်းညောင်းလာရင် စိတ်သက်သာရာရဖို့အတွက် ရုပ်ပိုင်း ဆိုင်ရာ အေးချမ်းမှု နှင့် စိတ်ပိုင်းဆိုင်ရာအေးချမ်းမှုကို ရှာလေ့ရှိပါတယ်..။ အခုလိုနေရာတွေကို လာရတာ ကျွန်တော် အေးချမ်း ပါတယ် ။

          အပြန်ကျတော့ ကောင်မလေးနာမည်က ဘယ်သူတုန်းလို့ ရွာဆော်ကမေးပါတယ်။ ကျွန်တော်ပြုံးနေမိ ပါတယ်။ ဟိုးတုန်းက အရိပ်လေးကိုလည်း ပြန်မြင်ယောင်နေမိပါတယ်..။ ကျွန်တော့်ဆီက အသံထွက်မလာတော့ ပခုံးကို ပုတ်ပြီး မေးပြန်ပါတယ်။ လွတ်ကနဲ ခုန်ပေါက်ထွက်သွားပါသည်။

          "Angel "

          ဟမ်

          မကြားမိဘူးထင်ပါရဲ့။ထပ်ပြောလိုက်ပါသည်။  နတ်သမီး လို့လေ..။

          ပထမဦးဆုံးအကြိမ်အဖြစ်တော့ တွေ့ပြီးပါပြီ။ သတိတရနဲ့ ပြောပြမိတော့ ရွာဆော်နဲ့ ဂဏန်းက ရယ်ကြပါသည်။ ပြီးမှ…

          "ထပ်တွေ့ကြဦးမှာလား။မင်းတို့ဟာကလည်း သရေပွဲကြီး"

          ကျွန်တော်လည်း တွေဝေနေပါသည်။ ပြီးမှ တစ်လုံးချင်းပြောလိုက်ပါသည်။

"ကံကြမ္မာ ဒိုင်လူကြီးဆီမှာ အချိန်ပို ထပ်တောင်းပြီး လိုက်သွားရဦးမှာပေါ့ကွာ.."

 

 

အခန်း (၃)

          ကျွန်တော့်စိတ်တွေ မှိုင်းဝင်နေပါသည်။ ဘာကိုမှ ဝေခွဲလို့မရပါ။ ကျွန်တော် တုန်ယင်နေတာ ကျွန်တော် သိနေပါသည်။ ညနေခင်းတွေကို ကျွန်တော်လွမ်းတက်နေတာကြာပါပြီ..။

          လွမ်းတယ်…နတ်သမီးရယ်..။

          ကျွန်တော် ချစ်မြတ်နိုးစွာ ခွဲခွာခဲ့ရတဲ့ မိန်းမပျို..။ မမေ့နိုင်ဘူး..။ ဘယ်တော့မှ မမေ့ဘူး။ ကျွန်တော့်ရင်ခွင် ထဲမှာ တအိအိ ပြိုဆင်းနေတယ်..။ ဒီလိုနဲ့ပဲ ပြီးဆုံးသွားရတော့မှာလား။

          လရောင်းပါးပါးလေးအောက်က အုတ်ခုံလေးက ဆွေးမြေ့ကြေကွဲဖွယ်ရာ တိတ်ဆိတ်နေတယ်..။ ကောင်းကင်ကို မော့ကြည့်မိတယ်။ နတ်သမီးကိုများ တွေ့လေမလား..။ စိတ်ကူးထဲကနတ်သမီးဟာ စိတ်ကူးထဲမှာပဲ ပြီးဆုံးရတော့မှာ လား။ တစ်ယောက်ယောက်လာပြီး ဖြေပေးစေချင်တယ်..။ ကျွန်တော် မရှင်းတက်တော့ဘူး ဖြစ်နေတယ်..။

          နတ်သမီးဟာ..ကျွန်တော့်အတွက်တော့ တစ်ကယ်ရှိနေတာပါ..။ ကျွန်တော် တစ်ယောက်တည်း ရေးနေ.. တွေးနေချိန်တွေဟာ..သူနဲ့အတူရှိနေချိန်တွေပေါ့.။ တစ်ယောက်တည်း တိုးတိုးရေရွတ်မိတယ်…။

          "နတ်သမီးရေ.."

          "ထိပ်ထားရေ.."

          မန္တလေးက ကျူံးကြီးရှိနေသမျှ..ကျွန်တော့်ရင်မှာ အနုပညာဓါတ်တွေ ရှိနေသမျှ ..ကျွန်တော်..သူ့ကို ချစ်နေ သမျှ..ကာလပတ်လုံး…

          သူ ကံအဆင့်ဆင့်မှာ မြင့်သည်ထက် မြင့်လာပါလိမ့်မယ်။ ပျော်ရွင်ချမ်းမြေ့နေပါလိမ့်မယ်..။

          သူတင်မကပါဘူး။ သူနဲ့ ပတ်သတ်တဲ့ ပတ်ဝန်းကျင်..သူ့အပေါင်းအသင်းတွေပါ..ချမ်းမြေ့နေပါလိမ့်မယ်။ အများကြီး မစွမ်းဆောင်နိုင်ပေမယ့်..သူနဲ့သူပတ်ဝန်းကျင်အတွက်.. ကျွန်တော့်မှာ ရှိသမျှ အတက်ပညာတွေ..စိတ် စွမ်းအားတွေ..အားလုံးအသုံးချပြီး ..နတ်သမီးကို ချစ်နေပါ့မယ်။

          ထိပ်ထားကို ချစ်တဲ့စိတ်ကြောင့် သူတင်မကပါဘူး..။ သူပတ်ဝန်းကျင်ကိုပါ ကျွန်တော် ချစ်တက်နေပါပြီ။

          ချစ်သူ…ချစ်နေရသောသူ..။

          နတ်သမီးကို ကျွန်တော် ချစ်တယ်..။

          ဘာတွေဖြစ်ဖြစ်၊ ဘယ်လိုဖြစ်ဖြစ်၊ သူ့ကို ကျွန်တော်ချစ်မယ်။ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်ဟာ သူ့အတွက် မှော်ဆရာ..တစ်ယောက်လည်းဖြစ်ချင်ဖြစ်မယ်..သူတောင်းစားတစ်ယောက်လည်းဖြစ်ချင်ဖြစ်မယ်။ ကျွန်တော် စဉ်းစား နေတာက..သူဟာ နတ်သမီး..နတ်သမီးဟာသူ  ဖြစ်လာနိုင်သလား..။

          အတူတူလား..။ တကွဲတပြားလား…။ တစ်ဦးစီလား…..တစ်ယောက်တည်းလား..။ ဒီအကြောင်းတွေ တွေးမိရင်.. ကျွန်တော်ဟာ ဟာ့ဒစ်တစ်လုံးကို ဘာမှပြန်မယူဘဲ ဖော်မက်ချလိုက်သလို ခံစားနေရတယ်။ ဘာမှ မပိုင်ဘူး..။


အခန်း(၄)

          "ရန်နိုင်"

          "ဟင်"

`        "မင်းကဗျာထဲက ကောင်မလေးကို သတိရနေတာလား"

          "အင်း"

          "နတ်သမီးဟာ အဲ့ဒီကောင်မလေး တစ်ကယ် ဖြစ်မလာနိုင်ဘူးလား"

          ထိတ်လန့်တုန်လှုပ်စွာ ပြောလိုက်မိတယ်။

          "ဘယ်သူပြောနိုင်မှာလဲ"

          ဟုတ်ပါရဲ့။ ဘယ်သူကပြောနိုင်မှာလဲ..။ ဒီဘ၀မှာ ဆုံဆည်းခွင့်မှ ရှိပါ့ဦးမလား။ မဆုံနိုင်သော နက္ခတ်တွေနဲ့ ကျွန်တော်ဟာ ခရီးတစ်ခုကို သွားနေတာလား။ ဒါမှ မဟုတ် ဆုံဆည်းရမှာလား..။

          "နတ်သမီး..ရယ်"

          သူ့ရဲ့မျက်ဝန်း၊သူရဲ့အပြုံး၊သူရဲ့ အပြောတွေ..ပြီးတော့ ချိုလွင်နူးညံ့တဲ့ စကားသံလေးတွေ..။ အဲ့ဒါတွေ အားလုံးက….ကျွန်တော့် ကောင်းကင်ကို အုပ်မိုးနေလေရဲ့။

          သူဟာ…ကျွန်တော်ရဲ့နတ်သမီးလား။ ဒါမှမဟုတ်..နတ်သမီးအရေခြုံထားတဲ့ တစ်ပါးသူတစ်ယောက်လား။ ဒါမှမဟုတ်…နတ်သမီးအရေခြုံထားတဲ့ နတ်သမီးတစ်ယောက်လား..။

          တစ်ခါတစ်လေကျတော့လည်း အသိရခက်တဲ့ လောကရယ်..အသိရခက်တဲ့ ကိုယ့်ကိုကိုယ်ရယ်.. အသိရ ခက်တဲ့ ချစ်ခြင်းမေတ္တာရယ်..။

          အားလုံးကို…မေ့ထားလိုက်ချင်တယ်..။

         

ဘာဆိုဘာမှ မသိတော့တဲ့ ဘ၀ကို ပြန်သွားချင်နေတယ်။ သွားခွင့်သာ ရခဲ့ရင် ထိပ်ထားကို မေ့လို့ရနိုင်မလား..။

          "ရန်နိုင်"

          "ဟင်"

          "ပြန်ကြရအောင်"

          တိတ်တိတ်ဆိတ်ဆိတ်ကလေး ပြန်လာခဲ့တယ်..။ အိမ်နားရောက်ကာနီးမှ…"ဒတ္တ" ရဲ့ ကဗျာစာသား တစ်ပိုဒ်ကို အော်ပစ်လိုက်တယ်..။

          "အားလုံးကို စွန့်လွှတ်ရရင်တောင်မှ

သတိရခြင်းကို ငါ ပိုင်တယ်"

ဝေဖန်အကြံပေးစာများကို မျှော်လင့်လျှက်…

နန်းညွန့်ဦး

Email: nnophoto@gmail.com

 

အဆိုပါ ဇာတ်လမ်းလေးကို မိတ်ဆွေ..သင်သာဆိုလျှင်…

          (၁) စိတ်ကူးယဉ်ထားပြီးရေးသားထားခြင်းဖြစ်သည်။

          (၂) ဖြစ်ရပ်မှန်တစ်ခုကို အခြေတည်ပြီး ရေးသားထားခြင်းဖြစ်သည်။

အဆို နှစ်ခု တင်သွင်းခဲ့ရင်..ဘာကိုရွေးချယ်မည်နည်း။ ရဲရဲတွေးပြီး အမှား၊အမှန်ခြစ်ပေးစမ်းပါ။ ပြီးရင် ကျွန်တော့် Email: nnophoto@gmail.com ထဲကို ပို့ပေးစေလိုပါတယ်..။


**ကျွန်တော်နှင့် မြူနှင်းဝေသော ညများ**

(၁)
ရနိုင်မယ်ဆိုရင်..နှင်းဆီရောင် ၀တ်ရုံတစ်ခုနဲ့ပဲ ကျွန်တော့်
ရုပ်အလောင်းကို လွှမ်းအုပ်ပေးပါ..။ အ၀ါညီးညီး လွင်ပြင် တစ်ခုရဲ့
လေထန်လေရိုင်းတွေကြားမှာ လူသေတစ်ယောက်ကို သူ့ကံအလျှောက် ထားခဲ့ပါ။
ဟိုးအဝေးမှာ မြူဝေမှိုင်းပြလို့ အရာရာ "ကဝေ"ဆန်အောင်လှနေရင်တောင်
ကျွန်တော်နာခံယူရမှာက ဓမ္မတေး တစ်ပိုင်းတစ်စရယ်ပါ..။
(ချစ်မိသူဆိုတာ..လောကမှာ စစ်အရှုံးဆုံးသူပါ မသီတာ။ ချစ်မိပြီဆိုကတည်းက
အဲ့ဒီ နှလုံးသားဟာ တယုတယ နှင့် သေမိန့် ကျသွားခဲ့ပါပြီ။ ဦးပုညရဲ့
လင်္ကာထဲကလို တရားဝေခွဲရင်း စကားတွေအလဲလဲဖြစ်ခဲ့ရတဲ့ ဒီကောင်ကတော့
စက္ကူမင်မျဉ်းအောက် မှာ လူမိုက်အဖြစ် စာရင်းပေါက်သွားပါပြီ)
ထားခဲ့ပါ မသီတာ….
သွားလိုရာ သွားပါတော့
ကောင်းကင်မှာ ကြယ်တွေ ၀င့်ဝေနေပြီလား….။
ပင်လယ်မှာလည်း ဗေဒါတွေမျောလိုရာ မျောရင်း ဆက်ပွင့်ကြဦးမှာပါ..။
ဘာပဲဖြစ်ဖြစ်လေ..
ဘုံအဆင့်ဆင့်မှာ စံရင်း
(မသီတာတစ်ယောက်) ကံအဆင့်ဆင့်မှာမြင့်သည်ထက်မြင့်ပါစေ။
ကျွန်တော် ဆုတောင်းနေမယ်..။
ကျွန်တော်နှင့်လကွယ်ညတွေကတော့
ဝိုးဝါး
မှောင်ရီ
လွမ်းဆွတ်နေကြရဦးမှာပါ…။
ကံတရားဆိုတာ ဒါလားဟင်။ ရှိပါစေ ၊ ရှိပါစေတော့ မသီတာရယ်။
(၂)
မိုးမှုန်တွေ တုန်ခါဝေ့ယိုင်ကျနေတဲ့ ခတ္တာပွင့်တို့ရဲ့ လတစ်လမှာ မသီတာကို
ကျွန်တော်စတွေ့ခဲ့တာပါ….။
အဲ့ဒီအချိန်ကတည်းက ကျွန်တော်ရဲ့ အိပ်မက်တွေထဲမှာ မသီတာ ဆိုတဲံ
ဆံပင်ရှည်ရှည်ကောင်မလေးက လင်းသန့် တောက်ပလာခဲ့တာပါပဲ။
မသီတာကို ကျွန်တော် သိပ်ချစ်တယ် မသီတာရယ်..။
သူများတကာတွေ တစ်ယောက်ကို တစ်ယောက် ချစ်တယ် ဆိုတာ..မသီတာရဲ့
မျက်တောင်လေးကို ကျွန်တော် ချစ်သလောက်တောင် ရှိမှာ မဟုတ်ပါဘူး။
ကျွန်တော်က အဲ့ဒီလို အရူးအမူးပေါ့…။
အနုပညာရယ်….
မသီတာရယ်……ကို
ကျွန်တော် သိပ်ချစ်တာပဲ။
တစ်ခါတစ်ခါ ကိုယ့်ဘ၀ကိုယ် ပုံဖော်စဉ်းစားရင်..ဆူးစူးနေတဲ့
ဆပ်ပြာပူဖောင်းကလေးကိုပဲ မြင်ယောင်မိ ပြန်ရဲ့။ အဲ့ဒီလို ခတ္တာခါးခါးတွေကို
ကျွန်တော် ဘုရားတင်ခဲ့မိတယ် ထင်တယ်။
ကျွန်တော်က ကံဆိုးတက်တဲ့ကောင်ပါ မသီတာရယ်..။
ကျွန်တော်က မသီတာလို့ တိတ်တိတ်ကျိတ်ခေါ်ပေမယ့် မသီတာရဲ့ နာမည်ကတော့ မသီတာ
ဖြစ်မလာခဲ့ပါဘူး။ (ရှင်းပါတယ်နော်)
မသီတာရဲ့ နာမည်က စာ (၃) လုံးရှိပြီး (သောကြာ) နံနဲ့ စပါတယ်။
အဲ့ဒီနာမည်ကိုလည်း သဲမြေဖုံဖုံမှာ မှုံနေအောင် ကျွန်တော် ရေးခဲ့ဖူးပါတယ်။
ကျွန်တော်တို့နေတဲ့ ဒဂုံမြို့သစ်လေးဟာ မိုးမှုန်တွေ မှိုင်းညိုနေတဲ့အခါ
ကြည်အေးလှပနေတက်ပါတယ်..။ မသီတာက မန္တလးလမ်းထဲမှာ နေပါတယ်။ ကျွန်တော်
စာအုပ်ငှားနေကျ "ရင်ငြိမ်းပန်း" ဆိုတဲ့ စာအုပ်ဆိုင်လေးကို စက်ဘီးလေးနဲ့
လာတက်တယ်..။
အဲ့ဒီ စာအုပ်ဆိုင်လေးရဲ့ ခပ်လှမ်းလှမ်းမှာ မထည်ဝါလှတဲ့
အရက်ဆိုင်လေးတစ်ဆိုင်ရှိတယ်။ ရန်သူများတဲ့ ပြိုင်ဘက် များတဲ့ ၊
ကိုယ့်ဘ၀ရဲ့အဆင်မပြေမှုတွေကို ဘယ်သူမှ ထုတ်ဖော်မပြောတက်တဲ့ ကျွန်တော်ဟာ
အဲ့ဒီ အရက်ဆိုင် လေးမှာ..မသီတာ အကြောင်းကို စဉ်းစားခဲ့ဖူးပါတယ်။
တကယ်တော့ ကျွန်တော်က နေလောင်ထားတဲ့ သစ်ရွက်လို ယိမ်းထိုး ရင့်ကျက်ခဲ့ရပြီးပါပြီ။
(၃)
မသီတာလည်းကြားဖူးမှာပေါ့။
ယောက်ျားတစ်ယောက်ဟာ ……… တက္ကသိုလ်တက်ဖူးရမယ်။ စစ်တိုက်ဖူးရမယ်။
ထောင်ကျဖူးရမယ်။ ပင်လယ်ခရီးထွက်ဖူးရမယ် ဆိုတာတွေလေ..။
ခု ကျွန်တော့်အသက် (၃၀) မှာအဲ့ဒါတွေကို ကျွန်တော်ဖြတ်သန်းခဲ့ပြီးပါပြီ။
အဲ့ဒီလို အတွေ့အကြုံတွေကို မွေ့ထုံလွန်မြောက်ပြီးကာမှ မသီတာကို
ဒီလောက်ချစ်ခင်မြတ်နိုးရတာ ဘာကြောင့် ပါလဲ…။
ကိုယ့်ဖာသာကိုယ်လည်း
မေးရင်း ၊ဖြေရင်း
ထပ်မေးရင်း ထပ်ဖြေရင်း
မသဲကွဲခဲ့ပါဘူး မသီတာရယ်…။
ကျွန်တော်ဟာ မသီတာကို ရင်ထဲစွဲအောင် ချစ်ခဲ့တယ်။
မသီတာနဲ့ ပတ်သတ်ရင် ကျွန်တော်ဟာ စိတ်ကူးတွေလည်း
ယဉ်ခဲ့ဖူးတယ်။စိတ်ကူးတွေလည်း ရိုင်းခဲ့ ဖူး တယ်။ နောက်ဆုံးတော့ စိတ်ကူးဟာ
စိတ်ကူးအဖြစ်နဲ့ပဲ လွင့်ပြယ်ခဲ့ပါတယ်..။
မသီတာ အတွက် ကဗျာတွေ အများကြီး ကျွန်တော့်ရေးခဲ့တယ်။ မသီတာကိုလည်း ပေးဖတ်ချင်တယ်။
(တစ်ချက်လောက် ငေးကြည့်မိရင်းက အငြိငြိအယှက်ယှက်နဲ့ ချစ်မြတ်
လွမ်းဆွတ်ခဲ့ရတာပါ..။ ပန်းတောင်ခါးပန်းမှာ ပျော်ပျော်
လွင်လွင်ဆောကစားနေတဲ့ နတ်သမီးလေးကို လယ်ကွင်းထဲကနေ ငေးကြည့်နေခဲ့ရတဲ့
စပါးပင်လေးလို ကျွန်တော်က မသီတာ ကို ငေးကြည့်နေခဲ့ရတာပါ။ ဒါ့ထက် ဘာမှ
မပိုခဲ့ပါဘူး မသီတာရယ်..)
(၄)
အဲ့ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ မြို့သစ်လေးမှာ လေကြမ်းတွေ ကသီကဝေ
တိုက်ခက်လာတယ်။ ဒီလိုနဲ့ မန္တလေးလမ်းမှာ ခါတိုင်းထက်ပိုပြီး မိုးမြူတွေ
လင်းပြာလာတယ်။
(မသီတာကို ချစ်ရင်း လွမ်းရင်း၊မသီတာအကြောင်း စဉ်းစားရင်း
၊စာအုပ်တစ်အုပ်နဲ့ လမ်းလျှောက်ရင်း ၊အနုပညာ လောကမှာ
သက်ပြင်းဖြိုင်ဖြိုင်ချရင်း ..။မသီတာအကြောင်း စဉ်းစားရင်း….)
(ရနံ့ဟောက်ပက် ဖြစ်နေတဲ့ စက္ကူပန်းတစ်ရွက်က ကျွန်တော့်ရှေ့ကို ကြွေကျလာပါတော့တယ်)
မသီတာနဲ့ မသီတာရဲ့ ချစ်သူအကြောင်းကိုကြားရတော့ နားထောင်လက်စ စကားကို
ဆက်နားထောင် အများနဲ့အတူ လိုက်လံရယ်မောခဲ့ရပေမယ့် ကျွန်တော့်ရင်ထဲမှာ
ဘာနဲ့မှ မတူအောင် စူးစူး ၀ါးဝါး နာကျင်ခဲ့ရပါတယ်)
(အဲံဒီညမှာ ကျွန်တော့်ဝိညာဉ်ဟာ မီးပုံထဲကိုအခါခါခုန်ချ ကျွန်တော့်ဘ၀ဟာ
စဥ့်နီတုံးကြီးလို လမ်းပေါ်လိမ့်သွား၊ အလွမ်း ဆိုတာ… စိတ်ကိုခွဲတဲ့
ဓါးတစ်လက်ဖြစ်ကြောင်း ခေါင်းငုံ့ခံစား နားလည်ခဲ့)
(မသီတာရယ်..ကျွန်တော်က အမြဲတမ်း ကံဆိုးခဲ့တယ်။ စိတ်ထဲမှာ
ဖျတ်ကနဲပွင့်တဲ့ပန်းကို စိတ်နဲ့တောင် မနမ်းလိုက်ရပါဘူး။
လွင့်လျှမ်းပျောက်ကွယ်သွားခဲ့ပါတယ်။ အစကတည်းက မနီးစပ်ခဲ့ကြပေမယ့်
အခုလိုဝေးရတော့ ကျွန်တော့်ရင်ထဲမှာ နာကျည်း စရာတွေက ထွေပြားလှပါတယ်။
တောက်ခေါက်ရတာများလို့ လျှာဖျားမှာလည်း အသားမာတောင် တက်နေပါပြီ..)
ကျွန်တော်က သူရဲကောင်းတော့မဟုတ်ပါဘူး၊ဒါပေမယ့် ကြောက်စရာအကောင်းဆုံး
အရှုံးတွေနဲ့ တွေ့ခဲ့ရတဲ့ အခါမှာတောင် ခြင်္သေ့ခံ ခံပြီးမှ
ပြန်ဆုတ်ခဲ့တဲ့ကောင်ပါ။ အခုဆို ကျွန်တော့် ရင်ထဲမှာ လေပွေတွေ
လဲ့လဲ့ပြာပြာ တိုက်ခက်နေတယ်။ ကိုယ့်ကိုကိုယ် ရွက်ကုန်ဖွင့်ပြီး
ကျောက်ဆောင်ကြီး ပွင့်လန်သွားအောင် တအားဝင်တိုက် ပစ်လိုက်ချင်တယ်။
စိတ်ထဲမှာ ခံစားရသလာက်သာ လေလွင့်ပစ်လိုက်ရင်..ကျွန်တော်ဟာ
မီးခိုးတစ်ပိုင်း လူတစ်ပိုင်း ဖြစ်သွားတော့မယ်။
(မသီတာ ကျွန်တော့်ကို ထားခဲ့ပါ၊မသီတာ သွားလိုရာကို သွားပါ။ ဒါပေမယ့်
တစ်မှုန်တစ်ဆစ်လေးလောက်ဖြစ်ဖြစ် ကျွန်တော့်ကို နားလည်ပေးပါလား
ကျွန်တော့်ရဲ့ မသီတာ..)
(၅)
ကျွန်တော်ကတော့ အနုပညာလောကထဲမှာပဲ ရှိနေမယ်။
လျှာပေါ် မြက်ပေါက်ရုံမကလို့ လျှာဖောက်ပြီး အာခေါင်မှာ ကန္တာရဆူးတွေ
ပေါက်ပလေ့စေ၊ဒီလမ်းမှာ ဆက်လျှောက် နေဦးမှာပဲ။
ကျွန်တော့် ကဗျာတွေ..စာတွေမှာ မသီတာအတွက် ကြေကွဲသစ္စာတွေ ပါဝင်ကောင်း
ပါဝင်နေပါလိမ့်မယ်။ မစာနာ တက်သူတွေ ဖတ်မိရင် ရယ်ချင်ရယ်ကြဦးမှာပေါ့။
အ၀ါညီးညီး လွင်ပြင်တစ်ခုရဲ့ လေထန်လေရိုင်းတွေကြားမှာလူသေတစ်ယောက်ကို
သူ့ကံအလျှောက် ထားခဲ့ပါ.။
ဒီလိုနဲ့ မိုးမြူတွေလည်းရွာ၊
ခတ္တာတွေလည်း ပွင့်ရဦးမှာပါ။
တစ်နေ့တော့ ပြန်ဆုံရင် ဆုံကြဦးမှာပါ မသီတာ…။
(၆)
အစကတည်းက အဖော်ကင်းမဲ့ခဲ့တဲ့ ကျွန်တော်ဟာ အခုတော့ မြို့သစ်လေးရဲ့
လကွယ်ညတွေမှာ.. လမ်းတကာ လျှောက်သွားခဲ့ဖူးပါပြီ။
(မန္တလေးဘက်ကိုတော့ သိပ်မလာချင်တော့ဘူးပေါ့)
မသီတာကို လွမ်းလွန်းမှသာ အရက်ဆိုင်အိုလေးထဲကို အမှောင်ကပိုကရိုနဲ့
ဝင်ဖြစ်ပါတယ်။ ဆိုင်ထောင့်က စားပွဲ တစ်လုံးမှာ တစ်ယောက်တည်း
ရီဝေတိတ်ဆိတ်ရင်း လောကကြီးရဲ့ မာယာတေးသွားကို မကြားတစ်ချက် ကြား တစ်ချက်
ဖြစ်နေတက်တယ်။
ကုန်းချောတက်တဲ့၊
ဝန်တိုသွေးထိုးတက်တဲ့၊
ကိုယ့်ထက်သာရင် မနားလိုဖြစ်တက်တဲ့သူတွေကြားမှာ..
အကြိမ်ပေါင်းများစွာ ကျွန်တော်ဟာ အံဝင်ခွင်ကျ လွဲချော်ခဲ့ရဖူးတယ်..မသီတာ..။
( အဲ့ဒါတွေလည်း ပြန်ပြောပြချင်တာပေါ့ မသီတာရယ်..။ မသီတာရဲ့အားပေးစကားနဲ့
အားလုံးကို ကျွန်တော်ပြန်လည် တည်ဆောက်ချင်တယ်။မသီတာရဲ့လက်ကလေးကို
ကိုင်ပြီး အရာရာကို ရင်ဆိုင်ချင်တယ်။ အခုတော့ အဲ့ဒါတွေ အားလုံး
အိပ်မက်ပေါ့။ရက်ရက်စက်စက် ပဲ့ခွတ်နဲ့ အခုပ်ခံရတဲ့ အိပ်မက်တွေပဲ
ပိုင်ဆိုင်ခဲ့ရ )
(၇)
ကျွန်တော်ရှေ့မှာ ကျွန်တော်ပုံလျက်လဲကျခဲ့တယ်။
တဖြည်းဖြည်းတော့ ပြန်လူးထလို့ ရခဲ့ပါတယ်။ ဒါပေမယ့် ဖုန်မှုန့်တွေနဲ့
ညိုမှောင်လူးပေခဲ့ပြီပဲ။ ကျွန်တော် တစ်ယောက်တည်း လောကကြီးထဲ ထိုးခွဲ
ဝင်ရောက်နေဆဲပါ မသီတာ။ တစ်ခါတစ်ခါတော့လည်း သရော်ပြုံးလေးနဲ့ ကိုယ့်ရာဇ၀င်
တစ်စောင်လုံးကို "ဘုန်း" ကနဲ ဆောင့်ကန်ပစ်လိုက်ချင်ပါတယ်။
ကျွန်တော် မပျော်ပါဘူး…မသီတာ..
မသီတာ ကို ချစ်တယ်
မသီတာ ကိုလွမ်းတယ်
မသီတာ ကို သတိရတယ်..။
ကျွန်တော့်မှာ အရက်မူးနေတဲ့ အိပ်မက်တွေရှိတယ်..။ကျွန်တော်ဟာ
အိပ်မက်မူးနေတဲ့ အရက်သမား ဖြစ် တယ်။ ကျွန်တော်ဟာ လူမဟုတ်တော့ဘူး။
ကျွန်တော်ဟာ..လောက၀တ်တွေကို တုပထုတ်လုပ်နေတဲ့ ယဉ်ကျေးမှု စက်ရုပ်တစ်ရုပ်
ဖြစ်တယ်။
ကံကြမ္မာ ဆိုတာကို မုန်းတယ်။
(၈)
ကျွန်တော် ထုံးဖွဲ့ခဲ့တဲ့ လမ်းပဲလေ။ ရောက်မှာမဟုတ်ဘူးဆိုရင်တောင်
လျှောက်တာတော့ လျှောက်ရဦးမှာ ပါ။ ကျွန်တော် ရေးခဲ့ဖူးတဲ့
ကဗျာတစ်ပုဒ်ထဲကအတိုင်း ခရမ်းပြာ ပုရပိုဒ်တစ်စောင် နဲ့ ကြယ်ရောင်အောက်မှာ
အရာ အားလုံးပြီးဆုံးသွားပါပြီ။
ကျွန်တော့်ရဲ့ မသီတာ ၊အကြွင်းမဲ့ ငြိမ်းချမ်းပါစေ….။
မသီတာရဲ့ချစ်သူဟာ..မသီတာအတွက် ဂါထာမတန်သော ကဗျာတစ်ပုဒ်
ဖြစ်ပါစေ..။ကျွန်တော်ကတော့ မသီတာကို ချစ်မြဲချစ်နေမယ်။
ချစ်သထက်ချစ်နေမယ်။။အဲ့ဒီအတွက် ခံစားရမယ့်ဝေဒနာဟာ ရင်နှင့်မမျှဘူး ဆိုရင်
လည်း လမ်းပေါ်မှာ ရင်တစ်ခုလုံးဖွင့်ပြီး သတိရခွင့်ကို
ဖျစ်ညှစ်ဆုပ်ကိုင်ထားဦးမယ်။
စောင့်ကြည့်ပေါ့ မသီတာရယ်….။
တစ်နေ့တော့ မသီတာ ကျွန်တော့်ကို သိလာမှာပါ။
မသီတာကို ကျွန်တော် ဘယ်လောက်ချစ်တယ် ဆိုတာ..(မသီတာရဲ့ ချစ်သူထက်တောင်
ကျွန်တော်က မသီတာကို ပိုချစ်တယ်ဆိုတာ..)
တစ်နေ့တော့ သိလာမှာပါ..။
(အိပ်မက်ထဲမှာဖြစ်ဖြစ်) ပြန်လည်ဆုံတွေ့ကြရင်..မသီတာရဲ့
ဆံနွယ်မျှင်လေးတွေကို ငေးမောရင်း ပြောပြရဦးမယ်။ စကားများစွာ
ကျွန်တော့်မှာ ရှိပါတယ်။)
(နိဂုံး)
ကျွန်တော်ကတော့ မိုးပေါ်က လမင်းကို မော့ကြည့်တာပါပဲ။ ဒါပေမယ့်
ဆိုင်းမှိုင်းနေတဲ့ မြူနှင်းဝေေ၀မှာ လမင်းကို ကျွန်တော်မမြင်ခဲ့ရဘူး။
` သနပ်ခါးပွင့်တွေကတော့ ရင်နင့်အောင် မွေးဆွတ်နေကြတယ်။ အေးစက်စက်
လက်သည်းရှည်တွေက ကျွန်တော့ကို ခြောက်လှန့်ပြုစားကြရဲ့။ ဟိုးအဝေးဆီက
လွမ်းဆွတ်ဆွေးမြည့်ဖွယ်ရာ ရထားဥသြဆွဲသံကို ကြားနေရတယ်။
ကျွန်တော်အိပ်မပျော်ပါဘူး ။ မျက်စိဖွင်ကြည့်လည်း မြူနှင်းဝေတဲ့ ညကိုပဲ
မြင်ရဦးမှာပါ..မသီတာရယ်..။
ကျွန်တော်ချစ်ရသော..မသီတာ အကြွင်းမဲ့ ငြိမ်းချမ်းပါစေ..ကံအဆင့်ဆင့်မှာ
မြင့်သည်ထက်မြင့်ပါစေ..။ နန်းညွန့်ဦး


ပန်းလက်ဖ၀ါးတိုရဲ့ ပိုင်ရှင်..

 လူသူကင်းမဲ့သော လမ်းပေါ်တွင်
တစ်ယောက်တည်းလမ်းလျှောက်ရင်း
မြေပေါ်မှ ကျောက်ခဲကလေးကို
ခြေထောက်နှင့်လှိမ့်ကန်ခဲ့ဖူးသည်။
လမ်းဘေးအုတ်ခုံမှ ဂစ်တာသံသဲ့သဲ့ကြားရသောအခါ
မည်သည့်သီချင်းများလဲ…ဟု
မသိမသာ နားစွင့်မိဆဲ့….။

 ပန်းကလေးတစ်ပွင့်ကို
အမျိုးအမည်မတပ်ဘဲ ချစ်ချင်ခဲ့သည်။
ဂျာကင်အိပ်ထဲလက်နှိုက်ရင်း
တစ်စုံတစ်ယောက်အကြောင်း စဉ်းစားရသည်မှာ
ကိုယ်တစ်ယောက်တည်းမှာရှိသည့်
အမူအကျင့်မှ ဟုတ်ပါရဲ့လား ။
ညဥ့်နက်သန်းကောင်မှ
အိမ်သို့ပြန်လာကြသော တေလေတသိုက်၏
ရယ်သံကိုကြားလိုက်၇သည်။
မအိပ်ချင်သေး…..။
အိပ်လျှင်..အိပ်မက်က လှမည်လား။
ညက လှသည် ။
လရောင်ကလှသည် ။

 မကြားချင်ဟု ………
ကိုယ်က ငြင်းဆန်၍ မရနိုင်လောက်အောင်ပင်
နာရီသံချောင်းခေါက်သံက လွင့်ပျံ့လာသည်။
အလွန်ဆုံးခေါက်နိုင်လှ ဆယ့်နှစ်ချက်ပဲ ဟုဆိုကာ
မြူလိုဝေ့ရင်း
ကိုယ် နားထောင်ခဲ့သည်။

 " ဒုက္ခနှင့် တစ်ခါကြုံတိုင်း ချစ်သူလက်ကလေး
တစ်ခါကိုင်ချင်သည် " တဲ့။
အိုမာခယမ် ကပြောသည်။
ကိုယ့်ဘက်ကလည်း ပြန်ပြောရမည်လေ..။
" ချစ်မိသူဆိုတာ လောကမှာ စစ်အရှုံးဆုံးသူပါ "
ပြီးရင်……..
နှစ်ယောက်သား ရယ်မောကြမည်။
ခွေးလေခွေးလွင့်တစ်ကောင်သာ
ကိုယ်တို့ နဘေးမှာ ရှိနေမည်ဆိုရင်…
ကိုယ်တို့ နည်းနည်းတော့ ထိုခွေးကို အားနာကြမည်။
လူငယ်ဘ၀ လရောင်ညတွေ..
အို….ဝေစမ်းပါစေလေ..။

 ချစ်သူရေ..
အချစ်ဆိုတာ ဘယ်သူမဆို တူးဖော်လို့ ရနိုင်တဲ့
ကမ္ဘာဦးက ဓါးတစ်လက်ပါပဲ။
သံချေးတက်နေတဲ့ ပန်းကနုတ်ကိုတော့
ကိုယ်တို့ ဖုန်သုတ်ပြီးမှ ဖတ်ရလိမ့်မယ်။

 အချစ်ဆိုတာ…
ပျော်စရာကို မျှဝေခံစားချင်သည်။
ငိုစရာတွေကိုတော့ ကိုယ်တစ်ယောက်တည်း အကုန်ယူလိုက်မည်။
ဤနေရာတွင်တော့
အိုမာခယမ်နှင့် ကိုယ် သဘောထားကွဲလွဲခဲ့ကြသည်။
ဗီးနပ်(စ်) ရုပ်ထုကို တစ်နေ့နေ့မှာများ………….
ကိုယ်
ရယူနိုင်ပါမည်လား ။
သူမ၏ ကျိုးအက်လပ်ဟာနေသော ဘယ်ဘက်ရင်အုံမှာ
မမြင်ရသော ကဗျာတစ်ပုဒ်ရှိမည်ထင်သည်။

မမြင်မှန်းသိလျှက်နှင့် မြင်နိုးနိုး…
သူ့…….ကာရန်တွေကို
ကိုယ်ခိုးမိလိမ့်မည်။

အို….ဗီးနပ်(စ်)…..
အို..အချစ် နတ်သမီး..
နတ်ဒေ၀တာတစ်ပါးမဆန်စွာ

ဘီလူးရစ်သမ်နှင့် ကိုယ့်အိမ်မက်ကို

သူ " စီး " ခဲ့ပြီလေ..။
တာရာမင်းဝေ

အတွေးအပိုင်းအစလေးများ

လမင်းကြီးပျောက်ဆုံး သင်ငိုကြွေးနေပါလျှင်….ကြယ်တာရာများနှင့်လည်း လွဲရပေးဦးမည်။

If you cry lost of the moon, You will also miss the  stars.

Tagore (တဂိုး)

 

ကန္တာရတစ္ဆေ တစ်ကောင်ဟာ

နှောင်ကြိုးအထပ်ထပ်ရစ်ပတ်လို့

နှစ်ထပ်တိုး အတွယ်အတာတွေနဲ့

ဂြိုလ်ကမ္ဘာတစ်ခုကို ခေါ်နေတယ်..။

ပျော်ဝင်သွားတဲ့ နှလုံးသားဟာ….။

 

ကျွန်တော် သင့်ကို အလွန်ချစ်ပါသည်။

I love you so mush.

 

ချစ်ခြင်းမေတ္တာသည် သိမ်းဆည်းထားဖို့မဟုတ်၊သူတပါးအားပေးလိုက်ဖို့သာဖြစ်သည်။

Love is not for keeping but for giving to someone.

 

တစ်လောကလုံး

အရူးတွေကြီးပဲမဟုတ်လား။

ဒီအထဲမှာအရူးလို့သတ်မှတ်ခံရတာ..

တော်သေးတာပေါ့။

အသတ်မှတ်မခံရရင်..

ငါ့ဘ၀တော့ -  ဒုက္ခ..

 

*ရေတို့မည်သည် အလွတ်ထားခဲ့လျှင်…နိမ့်ရာသို့ စီးမြဲဓမ္မတာရှိသည့်အတိုင်း သတ္တ၀ါ(လူ)တို့မည်သည် စိတ်ကို လွှတ်ထားခဲ့လျှင်…မကောင်းမှုသို့သာ သွားမြဲဓမ္မတာရှိသည်။

*တစ်ခါတစ်ရံ ….ဘ၀မှာကြုံတွေ့ရတက်တဲ့ ….အမောတွေ…အသောတွေ…ဖြေတဲ့အခါပြေစေဖို့…ချေတဲ့အခါ ကျေစေဖို့….ထောင့်လေးတစ်ထောင့်အဖြစ်…


*ဘ၀တစ်လျှောက်လုံးရနံ့တွေ ချိုပါစေ…နန်းညွန့်ဦးမှဆုမွန်ခြွေလျှက်..။

မျက်ရည်ရဲ့ဇာတိ

**ချစ်သူအဆောင်..

မိုးခေါင်တဲ့အကြောင်းကြောင့်

ငါ့ကောင်းကင်မှာ မိုးတွေညို

မျက်ရည်စိုနေခဲ့ပြီလေ..။

**မိုး၇ွာတဲ့နေ့မှာ..

မေ့တက်ခြင်းကိုအတူဆောင်း

ခိုလေးအတောင်ညောင်းနေရော့မယ်။

**မျှော်ပေါ့ လေးနာရီတဲ့

အချိန်ငှက်လေးဆီ လိပ်စာတပ်

ငါ့နှလုံးသားတံဆိပ်ခေါင်းကပ်ပို့လိုက်တယ်။

**ချစ်သူရေ..

မိုးတွေရွာလာပြီ

ထီးနီနီလေးစွတ်စွတ်စို

ချစ်သူကိုယ်မှာစီးဆင်း

ပေးဆပ်ခြင်းရဲ့အဓိပ္ပါယ် (အဲ့ဒါ..)

ကြာနွယ်ကြာရိုးနှင့်တွက်ချက်

မျက်ရည်စက်တို့ဖြစ်တည်ပုံဟာ

မုတ်သုံမိုးမဟုတ်တာ..

သေချာပါတယ်…။        

 

ဘ၀တိုင်း ဘ၀တိုင်းမှာ

မငိုရတဲ့ အချစ်မျိုးနဲ့

လူဖြစ်တိုင်း

တွေ့ဆုံရပါစေ…

တိုးရပါစေလို့ ….။

 

ကောင်းသောညပါ

**ကောင်းသောညပါ

ငါတို့ရဲ့ ဇာတ်လမ်းဟာ

မနက်ဖြန်ခါမှာ အဆုံးသတ်ရတော့မယ်။

**ခုတော့

အပြာရောင်အလင်းတောင်ပံနဲ့ နတ်သမီးလေးတွေဟာ

မင်းရဲ့ နှလုံးသားမျက်ရည်နှင့်ဝမ်းနည်းမှုပုံရိပ်တွေကို

ဖယ်ရှားပစ်လိမ့်မယ်….

ပြီးတော့

မင်းကို ငြိမ်းချမ်းခြင်း ပေးလိမ့်မယ်။

ကောင်းသောညပါ။

**ကောင်းသောညပါ..

မင်းရဲ့နားထဲမှာ..

ချစ်စရာကောင်းတဲ့ တီးတိုးသံတို့ရဲ့

နူးညံ့တဲ့ ပဲ့တင်ရိုက်ချက်တွေ..

တုန်ခါရိုက်ခတ်နေပါစေ..။

ပြီးတော့

အိပ်စက်ခြင်းရဲ့သဏ္ဍာန်မဲ့ စိတ်ကူးရိပ်တွေကနေ

မင်းရဲ့ အိမ်မက်တွေကို ဖြတ်သန်းလို့

ငါ့ရဲ့ အပြုံးရိပ်တွေ ဖြစ်တည်လာလိမ့်မယ်..။

**ကောင်းသောညပါ..။

မင်းရဲ့နှုတ်ခမ်းပါးတွေကို

ငါ စောင့်စားနေတဲ့အခါ

မင်းရဲ့မျက်ဝန်းတွေကို ဖွင့်ထားပေးပါ..

မင်းရဲ့အခြွေအရံတွေကိုလည်း

မခေါ်လိုက်ပါနှင့်ဦး

မင်းရဲ့ရင်ခွင်ကို နမ်းရှိုက်မလို့

နောက်တစ်ကြိမ်တည်းရယ်ပါ..။

**ကောင်းသောညပါ

ဒါဟာ သိပ်ကို နောက်ကျနေခဲ့ပြီလား..။

**ကောင်းသောညပါ..

တံခါးပိတ်လို့ မင်းလှည့်ထွက်သွားတယ်..။

…..

**ကောင်းသောညပါ..

…ဟုတ်တယ်…

မင်း …

ငါ့ရဲ့ ကောင်းသောည နှုတ်ဆက်သံကို

မစောင့်ပဲ

ဘယ်တော့မှ

အိပ်ယာဝင်မှာ မဟုတ်ပါဘူး…။             

နန်းညွန့်ဦး

 



အချစ်ကို အချစ်နဲ့တူအောင် ချစ်တက်ဖို့အတွက် သင်မသိသေးတာတွေ ?

'၁' မင်းရဲ့ ပျော်ရွှင်ချိန်မှာသူ့ ကိုပထမဆုံးသတိရမိနေလား?

'၂' မင်းနာကျင်တဲ့ အချိန်မှာသိရတာကသူ့ ကိုလား?

'၃' မျက်လုံးတွေမှိတ်လို့ မအိပ်သေးခင် အချိန်ထိစဉ်းစားမိတာသူ့ အကြောင်းလား?

'၄' မနက်ခင်းသစ်တစ်ခုကိုရောက်သွားချိန်တိုင်းပထမဆုံးသတိရမိတာသူ့ ကိုလား?

'၅' သူ့ ရဲ့ အပြုံးလေးတွေကိုအမြဲတမ်းတောင်းတနေပြီလား?

'၆' မင်းရဲ့ အချစ်ကိုဖွင့်ပြောချင်ပေမယ့်သူ့ ရှေ့မှာဆွံ့ အနေပြီလား?

'၇' သူ့ ရဲ့ အပြုံးလေးတွေကိုမြင်တိုင်းမင်းရဲ့ နှုတ်ခမ်းတွေပါကွေးညွတ်တတ်နေပြီလား?

'၈' ကာရန်တွေကိုသူ့ အတွက်အသက်သွင်းတတ်နေပြီလား?

'၉' သူ့ ကိုဘာအတွက်နဲ့ မှမထိခိုက်စေချင်တော့တာမှန်တယ်မလား?

'၁၀' သူရဲ့ ရှေ့ မှာဂရုမစိုက်ချင်ယောင်ဆောင်နေပေမယ့်သူမရှိတော့ရင်ဝမ်းနည်းတတ်နေပြီလား?

'၁၁' ကိုယ့်အနားကသူထွက်ခွာသွားရင်သူ့ ရဲ့ နောက်ကျောပြင်ကို ကြည့်ပြီးသက်ပြင်းလေးတွေ ချတတ်နေပြီလား?

'၁၂' သူ့စကားသံတွေကမင်းအတွက်နုးညံတဲ့အမိန့် တွေလား?

'၁၃' သူ အခြားတစ်ယောက်နဲ့ ပျော်နေတာကိုတွေ့ ရင်သ၀န်တိုတတ်နေပြီလား?

'၁၄' onlineပေါ်မှာသူမရှိရင်သူပို့ထားတဲ့ mail အဟောင်းလေးတွေကိုဖတ်ပြီးပျော်ရွင်တတ်လား?

'၁၅' သူအတွက်အရာရာကိုစွန့် လွတ်နိင်ပြီလား?

'၁၆' ဒီစာကိုဖတ်နေတဲ့ အချိန်သူ့ ကိုသတိရနေလား?   အဖြေတွေကမင်းရင်ထဲမှာပဲရှိနေတယ်........


အဖြေတွေက''ဟုတ်တယ်'' ''မှန်တယ်'' ဆိုရင်.......

မင်းရင်ထဲမှာသူရှိနေပြီ...................

ဒါဆိုရင်တော့သူနဲ့ ပတ်သက်လာရင်အရာရာကိုအရှံးပေးထားပါ.....

သူ့ ကိုတကယ်ချစ်တယ်ဆိုရင်သစ္စာရှိပါ................

သူနဲ့ ပြိုင်ဖို့ စိတ်မကူးပါနဲ့ သူ့ကိုအနိင်ပေးထားပါ........

သူဘာဖြစ်ဖြစ်နားလည်ပေးပါ..........

သူကကိုယ့်ကိုမချစ်ရင်တောင်သူ့အတွက် အမြဲပေးဆပ်ပေးပါ.........

အခက်အခဲတွေရှိလာရင်သူ့ ဘက်ကရပ်တည်ပေးပါ..........

သူမင်းကိုမချစ်ရင်တောင် မင်းသူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ သူတစ်နေ့သိလာမှာပါ........................

မင်းကတစ်ဖက်သတ်ချစ်သူဆိုရင်သူ့ အချစ်ကိုမမျှော်လင့်ပါနဲ့.........

သူကို ဖြူဖြူစင်စင်ဆက်ဆံပါ....အဲ့ဒါ သူ့အတွက် ပေးဆပ်ခြင်း.....

စစ်မှန်တဲ့ပေးဆပ်ခြင်းဆိုတာ တုံ့ပြန်မှုကိုဘယ်တော့မှမမျှော်လင့်ဘူး.......

သူငယ်ချင်းအားလုံး အချစ်စစ်နဲ့ ချစ်နိုင်ကြပါစေနော်။

 

ချစ်နေတက်သေးတဲ့

နန်းညွန့်ဦး

www.nnophoto@gmail.com

 



**အချိန်ပေးပါ**

အချိန်ပေးပြီး စာဖတ်ပါ။ ဒါဟာ ဥာဏ်ပညာကြီးမြင့်မှုရဲု့အုတ်မြစ်ပဲ။

အချိန်ပေးပြီး တွေးပါ။ ဒါဟာ စွမ်းအားတွေရဲ့အရင်းအမြစ်။

အချိန်ပေးပြီး ဆုတောင်းပါ။ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ခွန်အားပါပဲ။

အချိန်ပေးပြီး ချစ်ပါ။ဒါမှမဟုတ် ချစ်မေတ္တာကို ခံယူပါ။ ဘုရားသခင် ချီးမြှင့်ထားတဲ့ အထူးခံစားခွင့်လေ။

အချိန်ပေးပြီး ရယ်ပါ..။စိတ်ဝိညာဉ်ရဲ့ ဂီတသံစဉ်။

အချိန်ပေးပြီး ရင်းနှီးခင်မင်စွာနေပါ။ ပျော်ရွှင်ခြင်းဆီ သွားရာလမ်း။

အချိန်ပေးပြီး ကစားပါ။ အဆုံးမရှိတဲ့ အင်အားတို့ရဲ့ လျှို့ဝှက်ချက်ပေါ့။

အချိန်ပေးပြီး ဝေမျှပါ။ တစ်ကိုယ်ကောင်းကြံဖို့ နေ့ဟာ တိုတောင်းလွန်းလှတယ်။

နန်းညွန့်ဦး



*ရင်ဝှက်သူ*

*အာဒမ်က ဧ၀ကိုပြောတဲ့

ဘာသာစကားနဲ့ခြေဟန်လက်ဟန်မျိုး

*မြန်မာရာဇ၀င်ထဲက

နတ်ရှင်နောင်နဲ့ဓါတုကလျာတို့ရဲ့အဖြစ်မျိုး

*အနောက်တိုင်းပုံပြင်ထဲက

ရိုမီယိုနဲ့ ဂျူးလီယက်တို့ရူးသွတ်စေတဲ့အဖြစ်မျိုး

*ဒီနေ့ခေတ်မှာ ရှင်သန်လှုပ်ရှားနေတဲ့

ကောင်လေးနဲ့ကောင်မလေးတို့ရဲ့

အချစ်မျိုးတွေကျော်လွန်ပြီး

*မပြောဘဲသိစေချင်တယ်။

မဖြေဘဲ နားလည်စေချင်တယ်.

*ရှင်းရှင်းဆိုရရင် . . .

ရင်စကားကို .

ရင်နားနဲ့ပဲကြားစေချင်တယ်။


                      Nann Nyunt Oo              Email : nnophoto@gmail.com