motherboardအကြောင်း

မားသားဘုတ်အကြောင်း သိကောင်းစရာများ

ကွန်ပြူတာအတွင်း ရွေ့ပြောင်း အစားထိုးရသည့်ပစ္စည်းများတွင် System board
ခေါ် Motherboard လည်းတစ်ခု အပါအ၀င်ဖြစ်ပါသည်။ ကွန်ပြူတာပုံးကို
ဖွင့်လိုက်လျှင် ဘုတ်ပြားကြီးတစ်ခုကို အထင်းရှားဆုံးတွေ့မြင် နိုင်သည်။
သူ့ကိုအကြောင်းပြုပြီး ကွန်ပြူတာစနစ်ကို တည်ဆောက်ရသဖြင့် အရေးပါသည့်
အခြေခံ အဆောက်အအုံးကြီး တစ်ခု ဟူ၍လည်းဆိုနိုင်သည်။ RAM နှင့် Processor
တို့သည်မားသားဘုတ်ပေါ်တွင်လူသိအများဆုံးအစိတ်အပိုင်းများ ဖြစ်သော်လည်း အခြားအစိတ်အပိုင်းပေါင်းများစွာသည် မားသားဘုတ်ပေါ်တွင်သာလာရောက်ဆက်သွယ်ကြရသည်။
မားသားဘုတ်ပေါ်မှာ ဘာတွေပါဝင်သလဲ။
မားသားဘုတ်ပေါ်တွင် အခြား အရေးကြီးသည့် အပိုင်းများသည် Socket များဖြစ်သည်။
Memory, CPU, BIOS များထိုးစိုက်နိုင်ရန်အတွက် Socket ခေါ်
ထိုးစိုက်မြောင်းများလည်း ထည့်သွင်းထားသည်။ မားသားဘုတ်ပေါ်တွင် ပါဝင်သည့်
အစိတ်အပိုင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။
ပရိုဆက်ဆာ (Processor)
မားသားဘုတ်ပေါ်တွင် အထင်ရှားဆုံးအပိုင်းမှာ ပရိုဆက်ဆာ ဖြစ်သည်။ စီပီယူ CPU
(Central Processing Unit) ဟူ၍လည်းခေါ်သည်။ ပရိုဆက်ဆာသည် မားသားဘုတ်ပေါ်ရှိ
ချစ်ပ်အုပ်စုတွင်အကြီးဆုံးဖြစ်သည်။ အပူရှိန် ထုတ်လုက်မှုများသဖြင့်
သူ့အပေါ်တွင် အပူစုပ်ကိရိယာ (heat sink) သို့မဟုတ် ပန်ကာ (fan)
ကိုတပ်ဆင်ထားလေ့ ရှိသည်။ မားသားဘုတ်ပေါ်တွင် ပရိုဆက်ဆာကိုထည့်သွင်းရန်အတွက်
ဆော့ကက်ခေါ် အပေါက်များစွာ ပါဝင်သည့် အခံခေါင်းတစ်ခုပါဝင်သည်။ ယခုအခါတွင်
ထိုဆော့ကက်ကို ZIF (Zero Insertion Force) မျိုးအဖြစ်ထုတ်လုပ် ကြသည်။
ဆိုလိုသည်မှာ အခက်အခဲမရှိ အလွယ်တကူ ဖြုတ်လဲတပ်ဆင်နိုင်သောကြောင့် ဖြစ်သည်။
ZIF ဆော့ကက်မျိုးတွင် ထည့်သွင်းပြန်ထုတ်
လွယ်ကူစေရန်နှင့်ခိုင်မြဲစေရန်အတွက် Level ခေါ် မောင်းတင်မောင်ချစနစ်ပါ
ပူးတွဲပေးထားတတ်သည်။
Pentium II ပရိုဆက်ဆာများ ပေါ်လာသည့်အခါတွင် Intel ကုမ္ပဏီသည်
ဆော့ကက်အမျိုးအစား ထည့်သွင်းရသည့် ပုံစံကို အစဉ်အလာအတိုင်း မဟုတ်တော့ဘဲ
ပုံစံပြောင်းလိုက်သည်။ ယခင် ZIF စနစ်မှ SEC (Single Edge Contact)
စနစ်သို့ ပြောင်းလိုက်ခြင်းဖြစ်သည်။ SEC ဆိုသည်မှာ (Single Edge Contact)
ကိုခေါ်ဆိုခြင်းဖြစ်သည်။ မားသားဘုတ်များတွင် ပရိုဆက်ဆာကို တပ်ဆင်ရန်ယခင်
အပြားလိုကဆော့ကတ်စနစ်မှ ဒေါင်လိုက်ထိုးစိုက်ထည့် ရသည် slot စနစ်သို့
ပြောင်းလိုက်ခြင်းဖြစ်သည်။ ယင်းကို slot 1 ဟူ၍ ခေါ်သည်။
ပရိုဆက်ဆာကိုကတ်အသွင်ဖြင့် အပြည့်အစုံထည့်သွင်းထားပြီး သတ်မှတ်ထားသည့်
Slot မြောင်းအတွင်းသို့ထိုးစိုက်ထည့်သွင်းလိုက်ရန်သာ ဖြစ်သည်။
Pentium အုပ်စုမျိုးတွင် အစောပိုင်း ထုတ်သည့် ပရိုဆက်ဆာချစ်ပ်များကို
Socket 5 သို့မဟုတ် Socket 7 တို့တွင် ထည့်သွင်းရပြီး Pentium II အုပ်စုမှ
စတင်ကာ Slot 1 တွင် ထည့်သွင်းသည့်စနစ်ဖြစ်လာသည်။ နောက်ပိုင်း ထွက်သည့်
Pentium III နှင့် Pentium 4 အုပ်စု ပရိုဆက်ဆာများတွင် Intel သည် SEC
စနစ်ကို မသုံးတော့ဘဲ Socket စနစ်ကိုသာ အသုံးပြုခဲ့သည်။ Pentium III တွင်
Socket 370 ပုံစံကို အသုံးပြုခဲ့ပြီး Pentium 4 တွင် Socket 423 သို့မဟုတ်
Socket 478 ကိုအသုံးပြုခဲ့သည်။

SIMM နှင့် DIMM Socket များ
မားသားဘုတ်တွင် အထင်ရှားဆုံး အပိုင်းသည် ပရိုဆက်ဆာ ဖြစ်သည်။ နောက်ထပ်
ထင်ရှားသည့်အပိုင်းမှာ Memory ကတ်များထိုးစိုက်ရန် စီစဉ်ထားသည့် Slot
မြောင်းများဖြစ်သည်။ RAM ဟုခေါ်သည့် memory ကတ်များကို ထိုနေရာများတွင်
ထိုးစိုက်ထည့်သွင်းရသည်။
Memory ကတ်များ ထိုးစိုက်ရန်အတွက် Socket အမျိုးအစား
နှစ်မျိုးခွဲခြားထားသည်။ SIMM (Single Inline Memory Module) နှင့် DIMM
(Dual Inline Memory Module) socket ဟူ၍ဖြစ်သည်။
မူလ Pentium စနစ် မားသားဘုတ်များတွင် memory ကတ်များ ထိုးစိုက်
ထည့်သွင်းရန်အတွက် 72-pin SIMM socket ၄လိုင်းနှင့် 168-pin DIMM socket
၂လိုင်း ပူးတွဲပါဝင် ထည့်သွင်းတတ်သည်။ နောက်ပိုင်းထုတ်သည့်
မားသားဘုတ်များတွင် DIMM ဆော့ကက် ၄လိုင်းသာ ထည့်ပေးပြီး၊ SIMM လိုင်းများ
မပါဝင်တော့ပေ။ မားသားဘုတ် တစ်ခုတွင် SIMM သို့မဟုတ် DIMM
လိုင်းမည်မျှနှင့်ထုတ်လုပ်ရမည်ဟူ၍ သတ်မှတ်ချက်မရှိပေ။ SIMM လိုင်းများကို
မထည့်သွင်းရခြင်းမှာ ခေတ်အခြေအနေအရ အသုံးမ၀င်တော့ခြင်း၊ ထိုလိုင်းများတွင်
ထိုးစိုက်ထည့်သွင်းရန် Memory ကတ်များ မထွက်တော့ခြင်းကြောင့်လည်း
ဖြစ်နိုင်သည်။
SIMM slot များကို Pentium မားသားဘုတ်များတွင်ထည့်ထိုးသည့်အခါ နှစ်ချောင်း
(တစ်စုံ) အနေဖြင့် ထိုးစိုက်သည့် သွင်းရသည်။ DIMM ကိုထိုးစိုက်ရာတွင်
တစ်ချောင်းချင်းသာ ထိုးစိုက်ရသည်။ Memory ထိုးစိုက် ထည့်သွင်းခြင်းသည်
ပရိုဆက်ဆာ၏ data path ကိုဖြည့်ဆည်းပေးရန်အတွက် memory bank တွင်
ဖြည့်ဆည်းပေးရခြင်းလည်း ဖြစ်သည်။ Pentium (64-bit) မားသားဘုတ်တွင် SIMM
72-pin (32bit) ကိုထည့်သွင်းထိုးစိုက်တော့မည်ဆိုလျှင် ပရိုဆက်ဆာ၏ 64-bit
data path ကိုဖြည့်ဆည်းပေးနိုင်ရန်အတွက် 32-bit ကတ်နှစ်ကတ်ကို
ထည့်သွင်းပေး ရမည်သာ ဖြစ်သည်။
DIMM သည် အနိမ့်ဆုံး 64-bit memory ကတ်များ အနေဖြင့်လာသည်။ CPU data path
ရှိ bit နံပါတ်နှင့်လည်း အတူတူပင်ဖြစ်သည်။ သို့သော် DIMM
တွင်တစ်ကြိမ်လျှင် တစ်ကတ်သာထိုးစိုက်ထည့်သွင်းရသည်။

No comments: