နိဒါန်း
လူဆိုတာ အတွေးရဲ့သားကောင်လို့ ဆိုခဲ့ကြတာ ကျွန်တော် ဖတ်ဖူးခဲ့တယ်။ ကျွန်တော်ကိုယ်တိုင်လည်း လက်ခံထား တယ်။ ကျွန်တော့်အလုပ်က မတွေးရင်ဖြစ်စေ..အတွေးမကောင်းရင်ဖြစ်စေ.အလုပ်မဖြစ်ဘူး။ တွေးအားကောင်းဖို့ကလည်း.. လေ့လာမှု အားကောင်းမှ ..ဖတ်၊မှတ်၊လေ့လာမှုကောင်းမှ ဖြစ်တာမဟုတ်လား။
လူ နှင့် တိရ စ္ဆာန်ကြားကကွာခြားမှုကလည်း အဲ့ဒါပဲလေ။ စကားတစ်ခွန်းပြောရင်တောင် အသုံးအနှုန်းက တော်တော် လိုအပ်တယ်လေ..။အပြောမတက်တော့ ဆဲသလိုဖြစ်တယ်ဆိုတာကြားဖူးကြမှာပဲလေ..။
တစ်ချို့အတွေ့အကြုံတွေက ကိုယ်တိုင်ခံစားဖို့မလိုဘူးလေ..။ အခုဖြစ်နေတာလည်း အဲ့ဒီလိုပါပဲဗျာ..။
ကျွန်တော်ပြောပြမယ်..။ အပြောမတက်လို့ ဆဲသလိုမဖြစ်အောင်တော့ ကျွန်တော်လည်း ကြိုးစားထားပါတယ်။
ကဲ..စပြောကြရအောင်..မိတ်ဆွေလည်း စဉ်းစားပေးပေါ့ဗျာ..။ ဖြစ်ပုံက ဒီလိုဗျ.။
အခန်း (၁)
ကျွန်တော်ဒီနေ့စိတ်တွေညစ်နေတာဗျ….။ ဘာလုပ်ရရင်ကောင်းမလဲ…။ စဉ်းစားကြည့်တယ်..။ ဆေးသွား စိမ်ရင် ကောင်းမလား။ ဆေးသွားသောက်၇င် ကောင်းမလား..။ မကြိုက်ဘူး။ အင်း …။ ဟုတ်ပြီ.။ အခုလိုဖြစ်နေတာတွေ ငြိမ်းသွား အောင် ဗေဒင်သွားမေးမယ်..။ ကောင်းတယ်..။
လျှောက်ကြည့်တယ်..။
ဆရာမ-မြတ်ဆုကုဋေ
လက္ခဏာ၊ဗေဒင်၊အကြားအမြင်
အထူးဟောသည်။
မြင်သမျှ..ကြားသမျှသာ တစ်ကယ်ဟောရင် ဒုက္ခပဲ..။မနက်ကအိပ်ယာနိုးတော့ လုံချည်က ခြေရင်းမှာ.. မဖြစ်ဘူး။ မဖြစ်ဘူး။ ထပ်ကြည့်ဦးမှ..။ ဟော..တွေ့ပြီ.။
ဆြာ - ရန်နိုင်ကိုကို
တဲ့ရော့၊ဗေဒ၊နက္ခတ်၊လက္ခဏာ
ဧကံသဗျာကရကပညာရှင်
အင်း..ဧကံသဗျာကရကပညာရှင် ဆိုတော့ မေးသလောက်ပဲဖြေမယ်ဆိုတဲ့သဘောပဲ။ မဖြစ်သေးပါဘူး။ ကျွန်တော်က မမေးတက်ဘူးဗျ..။တစ်ကယ်မေးရင်လည်း ပေါက်က၇တွေမေးရင်..ဗေဒင်ဆရာပဲ စိတ်ညစ်မှာ.. ဆက်ကြည့်ဦးမှပဲ..။
တွေ့ပြန်ပြီ..။ ဘာတဲ့..။
ဆရာ..တားရော့
သင့်ကံကြမ္မာကို ဖတ်နိုင်ရန် တားရော့ဖြင့်သာ ဟောသည်။
မဆိုးဘူး။ တားရော့တော့ စိတ်ဝင်စားတယ်။ ၀င်မေးကြည့်ဦးမှပဲ..။ကျွန်တော် ဖြစ်နေတာကို သူဆိုရင် နားလည် နိုင်မယ်ထင်တယ်..။
ဟောခန်းထဲရောက်တော့ ကျွန်တော်က..
"ဆရာ တားရော့ ရှိပါသလား"
ပိန်ပိန်ပါးပါးနှင့် လူတစ်ယောက် စာအုပ်ပုံကြားက ထွက်လာပါသည်။ ပြီးမှ..
"ဟုတ်ကဲ့..ကျွန်တော်ပါ။ ဗေဒင်မေးမလို့လား။ထိုင်ပါ"
ဆိုပြီး သူ့ရှေ့က ခုံလေးရှေ့မှာ နေရာပေးပါတယ်။ ကျွန်တော်လည်း ၀င်ထိုင်လိုက်ပြီး ..ပြောလိုက်မိပါတယ်။
" သြော်..ဆရာက ၀ိမုတ္တိရသ စာအုပ်ကို ဖတ်နေတာလား။ " (၀ိမုတ္တိရသ=လွတ်မြောက်ခြင်းအရသာ ရေးသူ-ဦးသော်ဇင် )
သူဖတ်နေသော စာအုပ်ကို ကျွန်တော် မသိပါ။ ပါးစပ်မှ လွတ်ကနဲထွက်သွားခြင်းသာ ဖြစ်ပါသည်။ ထားခဲ့သော သူ့စာအုပ်ကို မမြင်ဘဲ ကျွန်တော်က ပြောလိုက်တော့ သူအံ့သြသွားပုံရပါသည်။ ထိုအချိန်တွင် သူ့ခါးကြားတွင်ညှပ် ထားသော ဖုန်းက အသံမည်လာပါသည်။
"ဆရာ ကတော်ဆီက ဖုန်းထင်တယ်။ သတိရလို့ဆက်တာတော့ မဟုတ်လောက်ဘူး။ တစ်ခုခု ပူဆာမလို့ ထင်တယ်"
ကျွန်တော့်ကို လှမ်းကြည့်ပြီး အပြင်ထွက်ပြီး ဖုန်းပြောနေပါသည်။ တအောင့်နေတော့ ပြန်ဝင်လာပါသည်။ ထိုင်ပြီး မှ ကျွန်တော့်ကို…
" ခင်ဗျားက ဗေဒင်မေးမလို့လာတာလား။ ကျွန်တော့်ဇနီးဆီကမှန်းဘယ်လိုသိတာလဲ။ ပြီးတော့ ပူဆာမယ်လို့ ရော ဘယ်လို သိနေတာလဲ။"
" ကျွန်တော်မေးချင်တာလည်း အဲ့ဒါပဲဆရာ။ "
ဟု ပြောလိုက်ပါသည်။ အဲ့ဒါနဲ့ ဆရာက
"ခင်ဗျား ဇာတာကိုတွက်ဖို့ မွေးသက္ကရာဇ်ပြောပါ"
"ကျွန်တော်က သိုက်ဖွား ၊ ၅ခုကြွင်း စနေသားပါ။အနောက်တိုင်းအလိုအရတော့ Gemini ရာသီခွင်မှာ
မွေးတာပါ။"
သူက ချရေးနေပါသည်။ ဆရာဇာတာစစ်နေစဉ်မှာပဲ ကျွန်တော်က.
"ကျွန်တော်က ရှေ့ဖြစ်နောက်ဖြစ်တွေ မသိချင်ပါဘူးဆရာ..။ ကျွန်တော့်မှာ ဖြစ်နေတဲ့ ထူးခြားဖြစ်စဉ်တစ်ခုကို ဘာကြောင့်ဖြစ်နေတာလဲ သိချင်လို့ပါ။ ပြီးတော့ အဆောင်တွေ..ယတြာတွေချေလိုက်ရင် ပျောက်သွားမလား သိချင်လို့ပါ။"
ဆရာ တားရော့က နားမလည်သလို ကြည့်နေပါသည်။ ထိုအချိန်တွင်..
"သြော်..ဆရာက ဗိုက်အောင့်နေတာလား။ သွားပါဆရာ..သွားပါ။ကျွန်တော်စောင့်နေပါ့မယ်။ရပါတယ်။ "
ဆရာလည်း မျက်နှာကြီးရှုံ့မဲ့ပြီး နောက်ထဲသို့ ၀င်သွားပါသည်။ ပြန်ထွက်လာတော့ ကျွန်တော့်ကို အံ့သြတကြီး ပုံစံမျိုးနှင့် ပြောပါတော့သည်။
"မင်း..မင်း..ဘာဖြစ်လို့ ငါ့စိတ်ထဲက ခံစားချက်တွေကို သိသိနေတာလဲ"
ကျွန်တော်လည်း စိတ်မောသောအသံဖြင့် ….
"ကျွန်တော် ဆရာ့ကို မေးချင်တာလည်း အဲ့ဒါပါပဲ ဆရာရယ်.."
"ဘာ"
"ဟုတ်ပါတယ်..ဆရာ။ ဘယ်လိုတွေ ဖြစ်နေလဲမသိပါဘူးဆရာရယ်။ကျွန်တော့်အနားက လူတွေရဲ့
စိတ်ခံစားချက်ကိုအလိုအလျှောက် သိသိနေပြီး ကျွန်တော်ပါ ဖြစ်ဖြစ်နေတာ။အဲ့ဒါ ဘာကြောင့်
ဖြစ်ရတာလဲ သိချင်လို့ပါ။"
ဆရာ တားရော့ က ကျွန်တော့်ကို မသင်္ကာသလို ကြည့်နေပါသည်။ ကျွန်တော်လဲ ပျာပျာသလဲ..
"မဟုတ်ဘူး ဆရာ..မဟုတ်ဘူး။ ဆရာ့ကို ပညာလာစမ်းတာမဟုတ်ပါဘူး။ ကျွန်တော် ရိုးရိုးသားသား သိချင်လို့
လာမေးတာပါ။ တစ်ကယ်ပါ။ ယုံပါဆရာ။"
ဆရာက ၀ုန်းကနဲ့ ထရပ်လိုက်ပါသည်။ကျွန်တော်လည်း မြန်မြန် ပြန်ငြင်းလိုက်ပါသည်။
"ကျွန်တော် အထက်ကလာတာလည်း မဟုတ်ပါဘူး။ ပညာသည်လည်း မဟုတ်ပါဘူး။"
ကျွန်တော် ထပ်သိလိုက်ပြန်ပါသည်။
"ဟာ..ဆရာ .။ မဟုတ်ပါဘူးဆရာရယ်..။ အဲ့ဒါ ပိုဆိုးတယ်။ လုံးဝ မဟုတ်ဘူး"
ဆရာ တားရော့မျက်နှာ ပြုံးလာပါသည်။ ကျွန်တော့်ကို ၀မ်းသာအားရကြည့်ပြီး …
"ဒါကတော့ ဟုတ်ပါတယ်..ဆရာရယ်..။ ကျွန်တော့်ကို ပညာတွေမြင့်တင်ပေးဖို့ရောက်လာတဲ့ ပုဂ္ဂိုလ်ထူးပါ။ ကြွပါ ဆရာ..ဒီဘက်ကိုကြွပါ။ ကျွန်တော့်မှာလေ ဘုရားရှိခိုးတိုင်း ပဌာန်းဆက်ရှိတဲ့ ပညာသည်တွေက ပညာရပ်ထူး တွေ သင်ပေးဖို့ ဆုတောင်းနေတာပါ။ အခုမှပဲ ပြည့်တော့တယ်။"
ဟာ..သွားပြီ..မှားပြန်ပြီ။ ဘယ်လိုရှင်းပြရမှန်မသိတော့ဘူး။ ကွိုင်ဘဲဗျာ..။
"ကြွပါ ဆရာ..ဘုရားခန်းကို ကြွပါ။"
မဟုတ်ဘူး ဟု တွင်တွင်ငြင်းနေရင်း..ကျွန်တော်လည်း အပြင်သို့ ပြန်ပြေးထွက်ခဲ့ပါသည်။ ဆရာ တားရော့ ကတော့ ဖိနပ်တောင် မပါဘဲ အတင်းကြီးကို လိုက်ခေါ်နေပါသည်။
ကျွန်တော့်မှာလည်း ဒုက္ခပါပဲ..။ အဖော်တွေတောင် ဘယ်တော့လာမလဲ မသိပါဘူး။ သူကလာရင် အဖော်တွေ ပါတက်လွန်းလို့ လေ..။
ဟူး ကနဲ သက်ပြင်း ကိုသာ ချလိုက်မိပါသည်။ စိတ်ထဲမှလည်း ကယ်တော်မူပါ အရပ်ကတို့ ဟု အော်ချင်နေ ပါသည်။ ထိုသို့ထွက်လာရင်း လမ်းတွင် ကျွန်တော့်နောက်မှ လိုက်လာရင်း ပခုံးကို လှမ်းဆွဲလိုက်သော လူတစ်ဦးကို တွေ့လိုက် ရပါသည်။ လှည့်မကြည့်ဘဲ ပြောလိုက်ပါသည်။
"ကျော်စွာ..မနက်ကတည်းက ငါ့ကို ရှာနေတာမလား။"
ဟု ကျွန်တော် ပြောလိုက်မိပါသည်။ ကျော်စွာကတော့ အံ့သြနေဟန်ဖြင့် ..
"မင်း ဘယ်လို သိနေတာလဲ။"
"မင်း ချမ်းငြိမ်းနဲ့တွေ့ပြီးသွားပြီ မဟုတ်လား။"
"ဒီဘက်မှာ ရှိနိုင်တယ်လို့ မင်းကို ပြောလိုက်တယ်လေ.."
အဲ့ဒါတွေကြောင့် ကျွန်တော်စိတ်တွေ ညစ်ညစ်နေတာ..။ ပြောပြရင်လည်း ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။ ကျွန်တော့် ကိုယ် ကျွန်တော်တောင် ယုံတာ မဟုတ်ဘူး။ သူဘာလိုချင်လို့ လိုက်ရှာနေတာလဲ ဆိုတာ ကျွန်တော် သိပါတယ်။ ဒါကြောင့်
"ရော့ မင်းလိုချင်တဲ့ စာမူ။ ပြန်တော့"
ကျွန်တော်ဘ၀ရဲ့ လူသားမဆန်မှုတွေကို ကျွန်တော် စတင် စိတ်ညစ်လာပါသည်။ ဒီပြဿနာတွေရဲ့ အစ ကတော့ နတ်သမီးကြောင့်ပါ..။ ဟုတ်ပါတယ်..။အပြင်မှာ တွေ့ဘူး မြင်ဘူးရန် မလွယ်တဲ့ နတ်သမီးကို တွေ့လိုက်ပြီး နောက်ပိုင်း အခုလို ထူးထူးဆန်းဆန်းတွေ ဖြစ်လာစေတော့တာပါပဲ..။
No comments:
Post a Comment