**ကျွန်တော်နှင့် မြူနှင်းဝေသော ညများ**

(၁)
ရနိုင်မယ်ဆိုရင်..နှင်းဆီရောင် ၀တ်ရုံတစ်ခုနဲ့ပဲ ကျွန်တော့်
ရုပ်အလောင်းကို လွှမ်းအုပ်ပေးပါ..။ အ၀ါညီးညီး လွင်ပြင် တစ်ခုရဲ့
လေထန်လေရိုင်းတွေကြားမှာ လူသေတစ်ယောက်ကို သူ့ကံအလျှောက် ထားခဲ့ပါ။
ဟိုးအဝေးမှာ မြူဝေမှိုင်းပြလို့ အရာရာ "ကဝေ"ဆန်အောင်လှနေရင်တောင်
ကျွန်တော်နာခံယူရမှာက ဓမ္မတေး တစ်ပိုင်းတစ်စရယ်ပါ..။
(ချစ်မိသူဆိုတာ..လောကမှာ စစ်အရှုံးဆုံးသူပါ မသီတာ။ ချစ်မိပြီဆိုကတည်းက
အဲ့ဒီ နှလုံးသားဟာ တယုတယ နှင့် သေမိန့် ကျသွားခဲ့ပါပြီ။ ဦးပုညရဲ့
လင်္ကာထဲကလို တရားဝေခွဲရင်း စကားတွေအလဲလဲဖြစ်ခဲ့ရတဲ့ ဒီကောင်ကတော့
စက္ကူမင်မျဉ်းအောက် မှာ လူမိုက်အဖြစ် စာရင်းပေါက်သွားပါပြီ)
ထားခဲ့ပါ မသီတာ….
သွားလိုရာ သွားပါတော့
ကောင်းကင်မှာ ကြယ်တွေ ၀င့်ဝေနေပြီလား….။
ပင်လယ်မှာလည်း ဗေဒါတွေမျောလိုရာ မျောရင်း ဆက်ပွင့်ကြဦးမှာပါ..။
ဘာပဲဖြစ်ဖြစ်လေ..
ဘုံအဆင့်ဆင့်မှာ စံရင်း
(မသီတာတစ်ယောက်) ကံအဆင့်ဆင့်မှာမြင့်သည်ထက်မြင့်ပါစေ။
ကျွန်တော် ဆုတောင်းနေမယ်..။
ကျွန်တော်နှင့်လကွယ်ညတွေကတော့
ဝိုးဝါး
မှောင်ရီ
လွမ်းဆွတ်နေကြရဦးမှာပါ…။
ကံတရားဆိုတာ ဒါလားဟင်။ ရှိပါစေ ၊ ရှိပါစေတော့ မသီတာရယ်။
(၂)
မိုးမှုန်တွေ တုန်ခါဝေ့ယိုင်ကျနေတဲ့ ခတ္တာပွင့်တို့ရဲ့ လတစ်လမှာ မသီတာကို
ကျွန်တော်စတွေ့ခဲ့တာပါ….။
အဲ့ဒီအချိန်ကတည်းက ကျွန်တော်ရဲ့ အိပ်မက်တွေထဲမှာ မသီတာ ဆိုတဲံ
ဆံပင်ရှည်ရှည်ကောင်မလေးက လင်းသန့် တောက်ပလာခဲ့တာပါပဲ။
မသီတာကို ကျွန်တော် သိပ်ချစ်တယ် မသီတာရယ်..။
သူများတကာတွေ တစ်ယောက်ကို တစ်ယောက် ချစ်တယ် ဆိုတာ..မသီတာရဲ့
မျက်တောင်လေးကို ကျွန်တော် ချစ်သလောက်တောင် ရှိမှာ မဟုတ်ပါဘူး။
ကျွန်တော်က အဲ့ဒီလို အရူးအမူးပေါ့…။
အနုပညာရယ်….
မသီတာရယ်……ကို
ကျွန်တော် သိပ်ချစ်တာပဲ။
တစ်ခါတစ်ခါ ကိုယ့်ဘ၀ကိုယ် ပုံဖော်စဉ်းစားရင်..ဆူးစူးနေတဲ့
ဆပ်ပြာပူဖောင်းကလေးကိုပဲ မြင်ယောင်မိ ပြန်ရဲ့။ အဲ့ဒီလို ခတ္တာခါးခါးတွေကို
ကျွန်တော် ဘုရားတင်ခဲ့မိတယ် ထင်တယ်။
ကျွန်တော်က ကံဆိုးတက်တဲ့ကောင်ပါ မသီတာရယ်..။
ကျွန်တော်က မသီတာလို့ တိတ်တိတ်ကျိတ်ခေါ်ပေမယ့် မသီတာရဲ့ နာမည်ကတော့ မသီတာ
ဖြစ်မလာခဲ့ပါဘူး။ (ရှင်းပါတယ်နော်)
မသီတာရဲ့ နာမည်က စာ (၃) လုံးရှိပြီး (သောကြာ) နံနဲ့ စပါတယ်။
အဲ့ဒီနာမည်ကိုလည်း သဲမြေဖုံဖုံမှာ မှုံနေအောင် ကျွန်တော် ရေးခဲ့ဖူးပါတယ်။
ကျွန်တော်တို့နေတဲ့ ဒဂုံမြို့သစ်လေးဟာ မိုးမှုန်တွေ မှိုင်းညိုနေတဲ့အခါ
ကြည်အေးလှပနေတက်ပါတယ်..။ မသီတာက မန္တလးလမ်းထဲမှာ နေပါတယ်။ ကျွန်တော်
စာအုပ်ငှားနေကျ "ရင်ငြိမ်းပန်း" ဆိုတဲ့ စာအုပ်ဆိုင်လေးကို စက်ဘီးလေးနဲ့
လာတက်တယ်..။
အဲ့ဒီ စာအုပ်ဆိုင်လေးရဲ့ ခပ်လှမ်းလှမ်းမှာ မထည်ဝါလှတဲ့
အရက်ဆိုင်လေးတစ်ဆိုင်ရှိတယ်။ ရန်သူများတဲ့ ပြိုင်ဘက် များတဲ့ ၊
ကိုယ့်ဘ၀ရဲ့အဆင်မပြေမှုတွေကို ဘယ်သူမှ ထုတ်ဖော်မပြောတက်တဲ့ ကျွန်တော်ဟာ
အဲ့ဒီ အရက်ဆိုင် လေးမှာ..မသီတာ အကြောင်းကို စဉ်းစားခဲ့ဖူးပါတယ်။
တကယ်တော့ ကျွန်တော်က နေလောင်ထားတဲ့ သစ်ရွက်လို ယိမ်းထိုး ရင့်ကျက်ခဲ့ရပြီးပါပြီ။
(၃)
မသီတာလည်းကြားဖူးမှာပေါ့။
ယောက်ျားတစ်ယောက်ဟာ ……… တက္ကသိုလ်တက်ဖူးရမယ်။ စစ်တိုက်ဖူးရမယ်။
ထောင်ကျဖူးရမယ်။ ပင်လယ်ခရီးထွက်ဖူးရမယ် ဆိုတာတွေလေ..။
ခု ကျွန်တော့်အသက် (၃၀) မှာအဲ့ဒါတွေကို ကျွန်တော်ဖြတ်သန်းခဲ့ပြီးပါပြီ။
အဲ့ဒီလို အတွေ့အကြုံတွေကို မွေ့ထုံလွန်မြောက်ပြီးကာမှ မသီတာကို
ဒီလောက်ချစ်ခင်မြတ်နိုးရတာ ဘာကြောင့် ပါလဲ…။
ကိုယ့်ဖာသာကိုယ်လည်း
မေးရင်း ၊ဖြေရင်း
ထပ်မေးရင်း ထပ်ဖြေရင်း
မသဲကွဲခဲ့ပါဘူး မသီတာရယ်…။
ကျွန်တော်ဟာ မသီတာကို ရင်ထဲစွဲအောင် ချစ်ခဲ့တယ်။
မသီတာနဲ့ ပတ်သတ်ရင် ကျွန်တော်ဟာ စိတ်ကူးတွေလည်း
ယဉ်ခဲ့ဖူးတယ်။စိတ်ကူးတွေလည်း ရိုင်းခဲ့ ဖူး တယ်။ နောက်ဆုံးတော့ စိတ်ကူးဟာ
စိတ်ကူးအဖြစ်နဲ့ပဲ လွင့်ပြယ်ခဲ့ပါတယ်..။
မသီတာ အတွက် ကဗျာတွေ အများကြီး ကျွန်တော့်ရေးခဲ့တယ်။ မသီတာကိုလည်း ပေးဖတ်ချင်တယ်။
(တစ်ချက်လောက် ငေးကြည့်မိရင်းက အငြိငြိအယှက်ယှက်နဲ့ ချစ်မြတ်
လွမ်းဆွတ်ခဲ့ရတာပါ..။ ပန်းတောင်ခါးပန်းမှာ ပျော်ပျော်
လွင်လွင်ဆောကစားနေတဲ့ နတ်သမီးလေးကို လယ်ကွင်းထဲကနေ ငေးကြည့်နေခဲ့ရတဲ့
စပါးပင်လေးလို ကျွန်တော်က မသီတာ ကို ငေးကြည့်နေခဲ့ရတာပါ။ ဒါ့ထက် ဘာမှ
မပိုခဲ့ပါဘူး မသီတာရယ်..)
(၄)
အဲ့ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ မြို့သစ်လေးမှာ လေကြမ်းတွေ ကသီကဝေ
တိုက်ခက်လာတယ်။ ဒီလိုနဲ့ မန္တလေးလမ်းမှာ ခါတိုင်းထက်ပိုပြီး မိုးမြူတွေ
လင်းပြာလာတယ်။
(မသီတာကို ချစ်ရင်း လွမ်းရင်း၊မသီတာအကြောင်း စဉ်းစားရင်း
၊စာအုပ်တစ်အုပ်နဲ့ လမ်းလျှောက်ရင်း ၊အနုပညာ လောကမှာ
သက်ပြင်းဖြိုင်ဖြိုင်ချရင်း ..။မသီတာအကြောင်း စဉ်းစားရင်း….)
(ရနံ့ဟောက်ပက် ဖြစ်နေတဲ့ စက္ကူပန်းတစ်ရွက်က ကျွန်တော့်ရှေ့ကို ကြွေကျလာပါတော့တယ်)
မသီတာနဲ့ မသီတာရဲ့ ချစ်သူအကြောင်းကိုကြားရတော့ နားထောင်လက်စ စကားကို
ဆက်နားထောင် အများနဲ့အတူ လိုက်လံရယ်မောခဲ့ရပေမယ့် ကျွန်တော့်ရင်ထဲမှာ
ဘာနဲ့မှ မတူအောင် စူးစူး ၀ါးဝါး နာကျင်ခဲ့ရပါတယ်)
(အဲံဒီညမှာ ကျွန်တော့်ဝိညာဉ်ဟာ မီးပုံထဲကိုအခါခါခုန်ချ ကျွန်တော့်ဘ၀ဟာ
စဥ့်နီတုံးကြီးလို လမ်းပေါ်လိမ့်သွား၊ အလွမ်း ဆိုတာ… စိတ်ကိုခွဲတဲ့
ဓါးတစ်လက်ဖြစ်ကြောင်း ခေါင်းငုံ့ခံစား နားလည်ခဲ့)
(မသီတာရယ်..ကျွန်တော်က အမြဲတမ်း ကံဆိုးခဲ့တယ်။ စိတ်ထဲမှာ
ဖျတ်ကနဲပွင့်တဲ့ပန်းကို စိတ်နဲ့တောင် မနမ်းလိုက်ရပါဘူး။
လွင့်လျှမ်းပျောက်ကွယ်သွားခဲ့ပါတယ်။ အစကတည်းက မနီးစပ်ခဲ့ကြပေမယ့်
အခုလိုဝေးရတော့ ကျွန်တော့်ရင်ထဲမှာ နာကျည်း စရာတွေက ထွေပြားလှပါတယ်။
တောက်ခေါက်ရတာများလို့ လျှာဖျားမှာလည်း အသားမာတောင် တက်နေပါပြီ..)
ကျွန်တော်က သူရဲကောင်းတော့မဟုတ်ပါဘူး၊ဒါပေမယ့် ကြောက်စရာအကောင်းဆုံး
အရှုံးတွေနဲ့ တွေ့ခဲ့ရတဲ့ အခါမှာတောင် ခြင်္သေ့ခံ ခံပြီးမှ
ပြန်ဆုတ်ခဲ့တဲ့ကောင်ပါ။ အခုဆို ကျွန်တော့် ရင်ထဲမှာ လေပွေတွေ
လဲ့လဲ့ပြာပြာ တိုက်ခက်နေတယ်။ ကိုယ့်ကိုကိုယ် ရွက်ကုန်ဖွင့်ပြီး
ကျောက်ဆောင်ကြီး ပွင့်လန်သွားအောင် တအားဝင်တိုက် ပစ်လိုက်ချင်တယ်။
စိတ်ထဲမှာ ခံစားရသလာက်သာ လေလွင့်ပစ်လိုက်ရင်..ကျွန်တော်ဟာ
မီးခိုးတစ်ပိုင်း လူတစ်ပိုင်း ဖြစ်သွားတော့မယ်။
(မသီတာ ကျွန်တော့်ကို ထားခဲ့ပါ၊မသီတာ သွားလိုရာကို သွားပါ။ ဒါပေမယ့်
တစ်မှုန်တစ်ဆစ်လေးလောက်ဖြစ်ဖြစ် ကျွန်တော့်ကို နားလည်ပေးပါလား
ကျွန်တော့်ရဲ့ မသီတာ..)
(၅)
ကျွန်တော်ကတော့ အနုပညာလောကထဲမှာပဲ ရှိနေမယ်။
လျှာပေါ် မြက်ပေါက်ရုံမကလို့ လျှာဖောက်ပြီး အာခေါင်မှာ ကန္တာရဆူးတွေ
ပေါက်ပလေ့စေ၊ဒီလမ်းမှာ ဆက်လျှောက် နေဦးမှာပဲ။
ကျွန်တော့် ကဗျာတွေ..စာတွေမှာ မသီတာအတွက် ကြေကွဲသစ္စာတွေ ပါဝင်ကောင်း
ပါဝင်နေပါလိမ့်မယ်။ မစာနာ တက်သူတွေ ဖတ်မိရင် ရယ်ချင်ရယ်ကြဦးမှာပေါ့။
အ၀ါညီးညီး လွင်ပြင်တစ်ခုရဲ့ လေထန်လေရိုင်းတွေကြားမှာလူသေတစ်ယောက်ကို
သူ့ကံအလျှောက် ထားခဲ့ပါ.။
ဒီလိုနဲ့ မိုးမြူတွေလည်းရွာ၊
ခတ္တာတွေလည်း ပွင့်ရဦးမှာပါ။
တစ်နေ့တော့ ပြန်ဆုံရင် ဆုံကြဦးမှာပါ မသီတာ…။
(၆)
အစကတည်းက အဖော်ကင်းမဲ့ခဲ့တဲ့ ကျွန်တော်ဟာ အခုတော့ မြို့သစ်လေးရဲ့
လကွယ်ညတွေမှာ.. လမ်းတကာ လျှောက်သွားခဲ့ဖူးပါပြီ။
(မန္တလေးဘက်ကိုတော့ သိပ်မလာချင်တော့ဘူးပေါ့)
မသီတာကို လွမ်းလွန်းမှသာ အရက်ဆိုင်အိုလေးထဲကို အမှောင်ကပိုကရိုနဲ့
ဝင်ဖြစ်ပါတယ်။ ဆိုင်ထောင့်က စားပွဲ တစ်လုံးမှာ တစ်ယောက်တည်း
ရီဝေတိတ်ဆိတ်ရင်း လောကကြီးရဲ့ မာယာတေးသွားကို မကြားတစ်ချက် ကြား တစ်ချက်
ဖြစ်နေတက်တယ်။
ကုန်းချောတက်တဲ့၊
ဝန်တိုသွေးထိုးတက်တဲ့၊
ကိုယ့်ထက်သာရင် မနားလိုဖြစ်တက်တဲ့သူတွေကြားမှာ..
အကြိမ်ပေါင်းများစွာ ကျွန်တော်ဟာ အံဝင်ခွင်ကျ လွဲချော်ခဲ့ရဖူးတယ်..မသီတာ..။
( အဲ့ဒါတွေလည်း ပြန်ပြောပြချင်တာပေါ့ မသီတာရယ်..။ မသီတာရဲ့အားပေးစကားနဲ့
အားလုံးကို ကျွန်တော်ပြန်လည် တည်ဆောက်ချင်တယ်။မသီတာရဲ့လက်ကလေးကို
ကိုင်ပြီး အရာရာကို ရင်ဆိုင်ချင်တယ်။ အခုတော့ အဲ့ဒါတွေ အားလုံး
အိပ်မက်ပေါ့။ရက်ရက်စက်စက် ပဲ့ခွတ်နဲ့ အခုပ်ခံရတဲ့ အိပ်မက်တွေပဲ
ပိုင်ဆိုင်ခဲ့ရ )
(၇)
ကျွန်တော်ရှေ့မှာ ကျွန်တော်ပုံလျက်လဲကျခဲ့တယ်။
တဖြည်းဖြည်းတော့ ပြန်လူးထလို့ ရခဲ့ပါတယ်။ ဒါပေမယ့် ဖုန်မှုန့်တွေနဲ့
ညိုမှောင်လူးပေခဲ့ပြီပဲ။ ကျွန်တော် တစ်ယောက်တည်း လောကကြီးထဲ ထိုးခွဲ
ဝင်ရောက်နေဆဲပါ မသီတာ။ တစ်ခါတစ်ခါတော့လည်း သရော်ပြုံးလေးနဲ့ ကိုယ့်ရာဇ၀င်
တစ်စောင်လုံးကို "ဘုန်း" ကနဲ ဆောင့်ကန်ပစ်လိုက်ချင်ပါတယ်။
ကျွန်တော် မပျော်ပါဘူး…မသီတာ..
မသီတာ ကို ချစ်တယ်
မသီတာ ကိုလွမ်းတယ်
မသီတာ ကို သတိရတယ်..။
ကျွန်တော့်မှာ အရက်မူးနေတဲ့ အိပ်မက်တွေရှိတယ်..။ကျွန်တော်ဟာ
အိပ်မက်မူးနေတဲ့ အရက်သမား ဖြစ် တယ်။ ကျွန်တော်ဟာ လူမဟုတ်တော့ဘူး။
ကျွန်တော်ဟာ..လောက၀တ်တွေကို တုပထုတ်လုပ်နေတဲ့ ယဉ်ကျေးမှု စက်ရုပ်တစ်ရုပ်
ဖြစ်တယ်။
ကံကြမ္မာ ဆိုတာကို မုန်းတယ်။
(၈)
ကျွန်တော် ထုံးဖွဲ့ခဲ့တဲ့ လမ်းပဲလေ။ ရောက်မှာမဟုတ်ဘူးဆိုရင်တောင်
လျှောက်တာတော့ လျှောက်ရဦးမှာ ပါ။ ကျွန်တော် ရေးခဲ့ဖူးတဲ့
ကဗျာတစ်ပုဒ်ထဲကအတိုင်း ခရမ်းပြာ ပုရပိုဒ်တစ်စောင် နဲ့ ကြယ်ရောင်အောက်မှာ
အရာ အားလုံးပြီးဆုံးသွားပါပြီ။
ကျွန်တော့်ရဲ့ မသီတာ ၊အကြွင်းမဲ့ ငြိမ်းချမ်းပါစေ….။
မသီတာရဲ့ချစ်သူဟာ..မသီတာအတွက် ဂါထာမတန်သော ကဗျာတစ်ပုဒ်
ဖြစ်ပါစေ..။ကျွန်တော်ကတော့ မသီတာကို ချစ်မြဲချစ်နေမယ်။
ချစ်သထက်ချစ်နေမယ်။။အဲ့ဒီအတွက် ခံစားရမယ့်ဝေဒနာဟာ ရင်နှင့်မမျှဘူး ဆိုရင်
လည်း လမ်းပေါ်မှာ ရင်တစ်ခုလုံးဖွင့်ပြီး သတိရခွင့်ကို
ဖျစ်ညှစ်ဆုပ်ကိုင်ထားဦးမယ်။
စောင့်ကြည့်ပေါ့ မသီတာရယ်….။
တစ်နေ့တော့ မသီတာ ကျွန်တော့်ကို သိလာမှာပါ။
မသီတာကို ကျွန်တော် ဘယ်လောက်ချစ်တယ် ဆိုတာ..(မသီတာရဲ့ ချစ်သူထက်တောင်
ကျွန်တော်က မသီတာကို ပိုချစ်တယ်ဆိုတာ..)
တစ်နေ့တော့ သိလာမှာပါ..။
(အိပ်မက်ထဲမှာဖြစ်ဖြစ်) ပြန်လည်ဆုံတွေ့ကြရင်..မသီတာရဲ့
ဆံနွယ်မျှင်လေးတွေကို ငေးမောရင်း ပြောပြရဦးမယ်။ စကားများစွာ
ကျွန်တော့်မှာ ရှိပါတယ်။)
(နိဂုံး)
ကျွန်တော်ကတော့ မိုးပေါ်က လမင်းကို မော့ကြည့်တာပါပဲ။ ဒါပေမယ့်
ဆိုင်းမှိုင်းနေတဲ့ မြူနှင်းဝေေ၀မှာ လမင်းကို ကျွန်တော်မမြင်ခဲ့ရဘူး။
` သနပ်ခါးပွင့်တွေကတော့ ရင်နင့်အောင် မွေးဆွတ်နေကြတယ်။ အေးစက်စက်
လက်သည်းရှည်တွေက ကျွန်တော့ကို ခြောက်လှန့်ပြုစားကြရဲ့။ ဟိုးအဝေးဆီက
လွမ်းဆွတ်ဆွေးမြည့်ဖွယ်ရာ ရထားဥသြဆွဲသံကို ကြားနေရတယ်။
ကျွန်တော်အိပ်မပျော်ပါဘူး ။ မျက်စိဖွင်ကြည့်လည်း မြူနှင်းဝေတဲ့ ညကိုပဲ
မြင်ရဦးမှာပါ..မသီတာရယ်..။
ကျွန်တော်ချစ်ရသော..မသီတာ အကြွင်းမဲ့ ငြိမ်းချမ်းပါစေ..ကံအဆင့်ဆင့်မှာ
မြင့်သည်ထက်မြင့်ပါစေ..။ နန်းညွန့်ဦး


ပန်းလက်ဖ၀ါးတိုရဲ့ ပိုင်ရှင်..

 လူသူကင်းမဲ့သော လမ်းပေါ်တွင်
တစ်ယောက်တည်းလမ်းလျှောက်ရင်း
မြေပေါ်မှ ကျောက်ခဲကလေးကို
ခြေထောက်နှင့်လှိမ့်ကန်ခဲ့ဖူးသည်။
လမ်းဘေးအုတ်ခုံမှ ဂစ်တာသံသဲ့သဲ့ကြားရသောအခါ
မည်သည့်သီချင်းများလဲ…ဟု
မသိမသာ နားစွင့်မိဆဲ့….။

 ပန်းကလေးတစ်ပွင့်ကို
အမျိုးအမည်မတပ်ဘဲ ချစ်ချင်ခဲ့သည်။
ဂျာကင်အိပ်ထဲလက်နှိုက်ရင်း
တစ်စုံတစ်ယောက်အကြောင်း စဉ်းစားရသည်မှာ
ကိုယ်တစ်ယောက်တည်းမှာရှိသည့်
အမူအကျင့်မှ ဟုတ်ပါရဲ့လား ။
ညဥ့်နက်သန်းကောင်မှ
အိမ်သို့ပြန်လာကြသော တေလေတသိုက်၏
ရယ်သံကိုကြားလိုက်၇သည်။
မအိပ်ချင်သေး…..။
အိပ်လျှင်..အိပ်မက်က လှမည်လား။
ညက လှသည် ။
လရောင်ကလှသည် ။

 မကြားချင်ဟု ………
ကိုယ်က ငြင်းဆန်၍ မရနိုင်လောက်အောင်ပင်
နာရီသံချောင်းခေါက်သံက လွင့်ပျံ့လာသည်။
အလွန်ဆုံးခေါက်နိုင်လှ ဆယ့်နှစ်ချက်ပဲ ဟုဆိုကာ
မြူလိုဝေ့ရင်း
ကိုယ် နားထောင်ခဲ့သည်။

 " ဒုက္ခနှင့် တစ်ခါကြုံတိုင်း ချစ်သူလက်ကလေး
တစ်ခါကိုင်ချင်သည် " တဲ့။
အိုမာခယမ် ကပြောသည်။
ကိုယ့်ဘက်ကလည်း ပြန်ပြောရမည်လေ..။
" ချစ်မိသူဆိုတာ လောကမှာ စစ်အရှုံးဆုံးသူပါ "
ပြီးရင်……..
နှစ်ယောက်သား ရယ်မောကြမည်။
ခွေးလေခွေးလွင့်တစ်ကောင်သာ
ကိုယ်တို့ နဘေးမှာ ရှိနေမည်ဆိုရင်…
ကိုယ်တို့ နည်းနည်းတော့ ထိုခွေးကို အားနာကြမည်။
လူငယ်ဘ၀ လရောင်ညတွေ..
အို….ဝေစမ်းပါစေလေ..။

 ချစ်သူရေ..
အချစ်ဆိုတာ ဘယ်သူမဆို တူးဖော်လို့ ရနိုင်တဲ့
ကမ္ဘာဦးက ဓါးတစ်လက်ပါပဲ။
သံချေးတက်နေတဲ့ ပန်းကနုတ်ကိုတော့
ကိုယ်တို့ ဖုန်သုတ်ပြီးမှ ဖတ်ရလိမ့်မယ်။

 အချစ်ဆိုတာ…
ပျော်စရာကို မျှဝေခံစားချင်သည်။
ငိုစရာတွေကိုတော့ ကိုယ်တစ်ယောက်တည်း အကုန်ယူလိုက်မည်။
ဤနေရာတွင်တော့
အိုမာခယမ်နှင့် ကိုယ် သဘောထားကွဲလွဲခဲ့ကြသည်။
ဗီးနပ်(စ်) ရုပ်ထုကို တစ်နေ့နေ့မှာများ………….
ကိုယ်
ရယူနိုင်ပါမည်လား ။
သူမ၏ ကျိုးအက်လပ်ဟာနေသော ဘယ်ဘက်ရင်အုံမှာ
မမြင်ရသော ကဗျာတစ်ပုဒ်ရှိမည်ထင်သည်။

မမြင်မှန်းသိလျှက်နှင့် မြင်နိုးနိုး…
သူ့…….ကာရန်တွေကို
ကိုယ်ခိုးမိလိမ့်မည်။

အို….ဗီးနပ်(စ်)…..
အို..အချစ် နတ်သမီး..
နတ်ဒေ၀တာတစ်ပါးမဆန်စွာ

ဘီလူးရစ်သမ်နှင့် ကိုယ့်အိမ်မက်ကို

သူ " စီး " ခဲ့ပြီလေ..။
တာရာမင်းဝေ

No comments: