မြန်မာစာကို ကွန်ပျူတာပေါ်တွင် အသုံးချနိုင်ရေးအတွက် အင်တိုက်အားတိုက် ပါဝင်လှုပ်ရှားခဲ့သော အင်္ဂလန်နိုင်ငံသား Keith Stribley သည် ၁၅.၂.၂၀၁၁နေ့ နံနက် ၅ နာရီခွဲအချိန်တွင် ရုတ်တရက်ကွယ်လွန်သွားခဲ့ပါသည်။ Keith သည် သံလွင်ဆော့ဖ် (http://www.thanlwinsoft.org) အမည်ဖြင့် ကွန်ပျူတာတွင် မြန်မာစာကို အဆင်ပြေစွာအသုံးပြု နိုင်ရေးအတွက်ကြိုးစားပမ်းစားဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ပါသည်။ Keith ကွယ်လွန်ခြင်းသည် မြန်မာစာကိုကွန်ပျူတာတွင် အသုံးပြုနိုင်စေရန်ဆောင်ရွက်နေသည့်သူများအတွက် တန်ဖိုးမဖြတ်နိုင်သော ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မိသားစုနှင့်ထပ်တူထပ်မျှကျေကွဲဝမ်းနည်း ရပါကြောင်း ကွန်ပျူတာမြန်မာစာ စနစ် အကောင်အထည်ဖော်နေသူများ အားလုံးက မှတ်တမ်းတင် ရင်း ဂုဏ်ပြုအပ်ပါသည်။
Keith Stribley သည် ၁၉၇၆ ခုနှစ်တွင် အင်္ဂလန်နိုင်ငံတွင် မွေးဖွားခဲ့ပြီး မြန်မာနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်ခိုင်ဇာဝင်းနှင့် သမီးလေး ရေဗက္ကလင်းတို့ နှစ်ဦးကျန်ရစ်ခဲ့သည်။ Keith ၏ဈာပနကို ၂၈.၂.၂၀၁၁ နေ့တွင် မြန်မာပြည်တွင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment